သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OPM Online ကွန်ယက် ဒုတိယအကြိမ် အတိုက်ခံရ


အမေရိကန်အစိုးရရဲ့ ဝန်ထမ်းရေးရာဌာန OPM ရဲ့ အင်တာနက်ကွန်ယက်ထဲကို နောက်ထပ် ထိုးဖောက် တိုက်ခိုက်ခံခဲ့ရပုံရပါတယ်။ အခုဒုတိယတခေါက် ထိုးဖောက်ခိုးခံရတဲ့ထဲမှာ CIA ထောက်လှမ်းရေးနဲ့ NSA အမျိုးသား လုံခြုံရေးဌာနတွေအပါအဝင် အစိုးရဌာန တော်တော်များများအတွက် ထောက်လှမ်းရေးနဲ့ စစ်ဝန်ထမ်းတွေက သူတို့နောက်ကြောင်း ရှင်းမရှင်း စစ်ဆေးဖို့ ပေးထားရတဲ့ သိပ်ကိုအရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို Hacker တွေ ရယူနိုင်ခဲ့ပုံရတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ထောက်လှမ်းရေးနဲ့ စစ်ဘက်ဝန်ထမ်းတွေရဲ့ နောက်ကြောင်း ရှင်းမရှင်းစစ်ဆေးဖို့အတွက် စိတ်ကျန်းမာရေး၊ မူးယစ်ဆေးနဲ့ အရက်သုံးစွဲ သောက်သုံးမှု၊ အရင်က အဖမ်းခံရဖူးသလားနဲ့ ဒေဝါလီခံဖူးသလား စတဲ့ သိပ်ကိုအတွင်းကျတဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ ပေးရတာဖြစ်ပါတယ်။

ဒါ့အပြင် ဆက်သွယ်နိုင်မဲ့လိပ်စာတွေ မိသားစုဝင်တွေရဲ့ အချက်အလက်တွေကိုလည်း ပေးရတာဖြစ်တာမို့ ဒီအချက်တွေကိုရသွားခဲ့ရင် အမေရိကန် ထောက်လှမ်းရေးတွေရဲ့ နိုင်ငံခြားသားဆွေမျိုးတွေ အကျပ်ခံရနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့တဲ့ ဝန်ထမ်းရေးရာ OPM ဌာနကို ပထမတခေါက် တိုက်ခိုက်ခံရမှုမှာတော့ အမေရိကန်အစိုးရဝန်ထမ်း သန်းနဲ့ချီရဲ့ လျှို့ဝှက်ထားရမယ့် ကိုယ်ရေးအချက်တွေကို Hacker တွေ ရယူနိုင်ခဲ့ပုံရပါတယ်။ ဒီဇင်ဘာလမှာဖြစ်ခဲ့တဲ့ ခိုးယူခံရမှုမှာ လက်ရှိနဲ့ဝန်ထမ်းဟောင်း ၄ သန်းလောက်ရဲ့ ကိုယ်ရေးအချက်တွေ ပါသွားနိုင်တယ်လို့ OPM ကကြေညာခဲ့ပါတယ်။

အမေရိကန်အစိုးရဝန်ထမ်းသမဂ္ဂကတော့ အစိုးရဝန်ထမ်းအားလုံးရဲ့ အချက်အလက်တွေကို Online သူခိုး Hacker တွေရယူထားတယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ အရေးကြီးတဲ့အချက်အလက်တွေကို ကာကွယ်ထားပေးလိမ့်မယ်လို့ ဝန်ထမ်းတွေ ယုံကြည်ထားပေမယ့် OPM ဝန်ထမ်းရေးရာဌာနဘက်က အဆုံးစွန်အထိပျက်ကွက်ခဲ့တာလို့ သမဂ္ဂက ဆိုပါတယ်။

ပထမတခေါက် Cyber တိုက်ခိုက်ခံရမှုကိုစုံစမ်းရင်းနဲ့ ဒုတိယတခေါက် ထိုးဖောက်တိုက်ခိုက်ခံရတယ်ဆိုတာကို သိခဲ့ကြတာဖြစ်ပါတယ်။ Online ပေါ်က တိုက်ခိုက်မှုနှစ်ခုလုံးဟာ တရုတ်နဲ့ဆက်နွယ်နေတဲ့ Online သူခိုး Hacker တွေရဲ့ လက်ချက်လို့ ယုံကြည်ရပါတယ်။ တရုတ်အစိုးရကတော့ ဒီစွပ်စွဲမှုဟာ တာဝန်မဲ့ စွပ်စွဲမှုဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG