သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မြန်မာစစ်ရေးဆက်ဆံမှု အကန့်အသတ်နဲ့ စတင်


Shangri-la ဆွေးနွေးပွဲတက်ရောက်လာသော အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (ယာ)။
Shangri-la ဆွေးနွေးပွဲတက်ရောက်လာသော အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (ယာ)။
အာဆီယံကာကွယ်ရေးဝန်ကြီးတွေကို ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စု ဟာဝါရီကျွန်းမှာ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။ Singapore နိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue 2013 ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Hagel က အာရှ Pacific ဒေသလုံခြုံရေးအတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ ခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမှာ အမေရိကန်ရဲ့ လုံခြုံရေးဆောင်ရွက်မှုတွေကို အဓိကပြောကြားသွားတဲ့အထဲမှာ မြန်မာနဲ့ စစ်ရေးဆက်ဆံမှုကို အသေအချာတွက်ချက်ပြီး စတင်နေပြီဆိုတာကိုလဲထည့်ပြီးပြောကြားသွားခဲ့ပါတယ်။ ခုလို Shangri-La Dialogue ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားသွားတဲ့ အကြောင်းတွေကို မစုမြတ်က တင်ပြပေးထားပါတယ်။

နိုင်ငံတကာမဟာဗြူဟာလေ့လာရေးသိပ္ပံက စီစဉ်တဲ့ Shangri-La Dialogue နိုင်ငံတကာလုံခြုံရေးရာဆွေးနွေးပွဲမှာ အာရှ Pacific ဒေသ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုအကြောင်းကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ အာရှဒေသအပေါ် အမေရိကန်က မဟာဗြူဟာမြောက် ချိန်ညှိ အာရုံစိုက်မှုကို ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ အာမခံ ပြောသွားခဲ့ပါတယ်။ သမိုင်းဝင် အပြောင်းအလဲတွေဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးမှာ အာရှ Pacific ဒေသဟာ အပြောင်းအလဲတွေရဲ့ ဗဟိုမှာ ရှိနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ လုံခြုံရေးအတွက် အာရှ Pacific ဒေသတွင်းမှာ ရှိနေတဲ့ နိုင်ငံတွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကို ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ခုလို
ပြောကြားသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေအပေါ်မှာ စစ်တပ်က အသေအချာထောက်ခံဖို့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့
အရပ်သားအစိုးရက အားထားရတဲ့ အရည်အချင်းရှိတဲ့ စစ်တပ်ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စစ်တပ်ချင်း အပြန်အလှန် ဆက်ဆံရေး ပိုင်းကို အသေအချာ ရွေးချယ် တွက်ချက်ဆက်ဆံမှုတွေကို စတင်နေပါပြီ။”

အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာပဲ အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်ကြဖို့ အာရှနိုင်ငံတွေက တွန်းအားပေး ဆောင်ရွက်နေတဲ့ အပေါ်မှာ အမေရိကန်က ထောက်ခံတယ်ဆိုတာပြောခဲ့ပြီး အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေကို ဟာဝါရီမှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

“အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြား ဆက်ဆံရေးဟာ အင်မတန်အရေးပါ ပါတယ်။ အာဆီယံခေါင်းဆောင်တွေက အမေရိကန် အစိုးရ အဖွဲ့ဝင်တွေ အပေါ်မှာ ဖော်ရွေမှုကို နှစ်တိုင်း ပြသပါတယ်။ အနီးကပ် ဆက်ဆံမှုတွေလည်း နေ့တိုင်း ရှိနေပါတယ်။ ဒီလို ဖော်ရွေမှုကို ကျနော်တို့ဘက်က တုံ့ပြန်တဲ့အနေနဲ့ အခု Singapore တွေ့ဆုံပွဲကနေ အာဆီယံကာကွယ်ရေးဝန်ကြီးတွေကို ဟာဝါရီကျွန်းမှာ
ရှေ့နှစ်ကျရင် တွေ့ဆုံကြဖို့ ဖိတ်ခေါ်ပါတယ်။ အာဆီယံကာကွယ်ရေးဝန်ကြီးအားလုံးကို အမေရိကန်က အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံ ကျင်းပပေးမဲ့ ဆွေးနွေးပွဲကနေ ဒေသအနာဂါတ်အတွက် တက်ကြွတဲ့အင်အား၊ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုရှိရေး ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့
အမြင်တွေကို အပြန်အလှန် မျှဝေကြနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

အာရှဒေသမှာ မယုံကြည်နိုင်လောက်တဲ့ အလားအလာကောင်းတွေ ရှိနေပေမဲ့လဲ မြောက်ကိုရီးယား Nuclear လက်နက်ပြဿနာနဲ့ ရန်စမှု၊ ရေပိုင်နက် အငြင်းပွားမှု၊ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှုပြဿနာတွေ၊ Online ပေါ်ကနေ Cyber တိုက်ခိုက်မှုတွေ က စိန်ခေါ်မှုတွေအနေနဲ့ ရှိနေသေးတယ်ဆိုတာကိုလဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က အာရှ Pacific ဒေသလုံခြုံရေး အတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းထဲမှာ ဒီကနေ့ ပြောကြားသွားပါတယ်။ Singapore နိုင်ငံ Shangri-La Hotel မှာကျင်းပနေတဲ့ Shangri-La Dialogue ဆွေးနွေးပွဲမှာ Vietnam ဝန်ကြီးချုပ် Nguyen Tan Dung ငွင်တန်ဒေါင်းက မနေ့တုန်းက အဖွင့် မိန့်ခွန်းပြောကြားခဲ့တာမှာ ဒေသတွင်း ငြိမ်းချမ်းမှုနဲ့ သာယာဝါပြောမှုရှိဖို့အတွက် စည်းလုံးခိုင်မာပြီး ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ တေ့ွဆုံဆွေးနွေးမှုရဲ့ အောင်မြင်မှုဆိုတာကို မြန်မာနိုင်ငံနဲ့ ခုလို ဥပမာပေးသွားခဲ့ပါတယ်။

“ယုံကြည်မှုတည်ဆောက်ပြီး ခိုင်မာစေရေး၊ သဘာဝကျတဲ့အကျိုးစီးပွားတွေကို တယောက်နဲ့ တယောက် အပြန်အလှန် နားလည်ရေးတွေ အပေါ် အခြေခံပြီး တေ့ွဆုံဆွေးနွေးမှုတွေကို ဇွဲကောင်းကောင်းနဲ့လုပ်ခဲ့လို့ ထင်သာ မြင်သာတဲ့ အောင်မြင်မှုရခဲ့တဲ့ နိုင်ငံတခုအဖြစ် မြန်မာနိုင်ငံကို ပြချင်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့လို့ မြန်မာနိုင်ငံအတွက်တင် မဟုတ်ဘဲ ဒေသတခုလုံး အတွက်ပါ တောက်ပတဲ့
အနာဂါတ်ဖြစ်လာစေခဲ့ပါတယ်။”

မေလ ၃၁ ရက်နေ့ကနေ June လ ၂ ရက်နေ့အထိ ကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေးရာ Shangri-la Dialogue ဆွေးနွေးပွဲမှာ လုံခြုံရေး ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကို ခေါင်းစဉ်မျိုးစုံခွဲပြီးဆွေးနွေးနေကြတာပါ။ Defence Diplomacy and Conflict Prevention ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ နိုင်ငံခြား ဆက်ဆံရေးနဲ့ ပဋိပက္ခတားဆီးရေးဆီးရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မြန်မာ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော် ပါဝင်ဆွေးနွေးမယ်လို့ အစီအစဉ်ထဲမှာ ဖော်ပြထားပါတယ်။ Shangri-la Dialogue ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၂၇ နိုင်ငံလောက်က ကာကွယ်ရေး ဝန်ကြီးတွေ၊ စစ်တပ်ထိပ်ပိုင်းအကြီးအကဲတွေနဲ့ အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်နေကြပါတယ်ရှင်။
XS
SM
MD
LG