သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီ ၀မ်းရောဂါ လူ ၂၀၀ ကျော် သေဆုံး


ဟေတီ ၀မ်းရောဂါ လူ ၂၀၀ ကျော် သေဆုံး

ဟေတီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကူးစက် ကာလ၀မ်းရောဂါဟာ မြို့တော် ပို့တ် အော် ပရင့်စ် (Port-au-Prince) အထိ ပျံ့နှံ့ ရောက်ရှိလာခဲ့ပါတယ်။

ကာရစ်ဘီယံ ပင်လယ်ထဲက ကျွန်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဟေတီနိုင်ငံမှာ ရာစုနှစ်တခုအတွင်း ပထမဆုံးအကြိမ် ကူးစက် ကာလ၀မ်းရောဂါကို တွေ့ရှိရတာဖြစ်ပြီး မြို့တော် ပို့တ် အော် ပရင့်စ်မှာ ဒီရောဂါ ဖြစ်ပွားသူ ၅ ဦး ရှိနေပြီလို့ ဒီနေ့မှာ ကျန်းမာရေး အရာရှိတွေက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကူးစက်ဝမ်းရောဂါ စပြီး ဖြစ်နေပြီလို့ တွေ့ရှိရပြီးတဲ့နောက် ဟေတီမှာ ကာလ၀မ်းရောဂါနဲ့ သေဆုံးသူ ၂၀၀ ကျော် ရှိသွားခဲ့ပြီး ၂,၆၀၀ ကျော်ဟာ ၀မ်းရောဂါ ဝေဒနာတွေ ခံစားနေရပါတယ်။

ဟေတီနိုင်ငံရဲ့ အလယ်ပိုင်းက အာတီဘိုနိုက်တ် (Artibonite) ဒေသမှာ ၀မ်းရောဂါ အများဆုံး ဖြစ်ပွား ကူးစက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက လူပေါင်း သိန်းကျော် သေဆုံးခဲ့ရတဲ့ ဟေတီငလျင်ကြီး အပြီး မြို့တော် ပို့တ် အော် ပရင့်စ်နားက ငလျင်ဒဏ်သင့် ဒုက္ခသည် သိန်းပေါင်းများစွာ နေထိုင်ပြီး ရေနဲ့ မိလ္လာစနစ်မရှိတဲ့ ဒုက္ခသည်စခန်းတွေထဲကို ကာလ၀မ်းရောဂါ ကူးစက် ပျံ့နှံ့ ရောက်ရှိလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ရေသန့်ဆေးပြားတွေ၊ တကိုယ်ရေသန့်ရှင်းမှု အသုံးအဆောင်တွေနဲ့ တခြားလိုအပ်တဲ့ ဆေးဝါးတွေကို ငလျင်ဘေးသင့် ဒုက္ခသည်စခန်းတွေ အတွင်းမှာ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အေဂျင်စီတွေက ဖြန့်ဝေပေးနေပြီး ဒီစခန်းတွေထဲ ကာလ၀မ်းရောဂါ ကျရောက်လာရင် ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

XS
SM
MD
LG