ဟေတီနိုင်ငံမှာ ၁၅ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဟောင်း Jean-Claude Duvalier က သူ့ရဲ့ ဖိနှိပ် အုပ်ချုပ်မှု ကာလထဲမှာ ပြည်သူတွေဟာ မီးလောင်နေတဲ့တာယာဘောကွင်း လည်ပင်းမှာ အစွပ်ခံရတာကြောင့် အသက်ရှူ ကျပ်ပြီး သေတဲ့အထိ စစ်ဆေးခံရတာ စတဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ အသိအမှတ်ပြု ၀န်ခံလိုက်ပါတယ်။ သူ့ရဲ့ အာဏာရှင်အစိုးရလက်ထက်မှာ တရားခံအဖြစ်နဲ့ ခံစားသွားခဲ့ရတဲ့ပြည်သူတွေ အတွက် သူ့အနေနဲ့ အင်မတန် စိတ်ထိခိုက် ၀မ်းနည်းရပါတယ်လို့ Duvalier က သောကြာနေ့က ပြောခဲ့ပါတယ်။
မနှစ်က ပြင်းထန်တဲ့ မြေငလျင်ဒဏ်ခံရမှုကနေ သက်သာရာရဖို့ ရုန်းကန်နေရတုန်းဖြစ်တဲ့ ဟေတီနိုင်ငံရဲ့ ခက်ခဲတဲ့ အချိန်ကာလာတွေမှာ တိုင်းပြည်အပေါ်ထားတဲ့ သူ့စေတနာကိုပြချင်လို့ နိုင်ငံကို ပြန်ခဲ့တယ်လို့ သူက ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ ၂၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ရာက မမျှော်လင့်ဘဲ တိုင်းပြည်ကိုပြန်လာခဲ့ပြီး ၅ ရက်အကြာ မြို့တော် Port-au-Prince မှာ Duvalier က အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အုပ်ချုပ်မှုကာလထဲမှာ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတခုကို ဟေတီအာဏာပိုင်တွေက စပြီးဆောင်ရွက်နေပါပြီ။
အဂတိလိုက်စားမှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုတွေနဲ့ Duvalier ကို အာဏာပိုင်တွေက တရားစွဲထားပြီး ဟေတီပြည်သူ အတော်များများကလည်း သူ့ရဲ့အုပ်ချုပ်ရေးကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် Duvalier ကို တရားစွဲဆိုမှုတွေ ပြုလုပ်ထားပါတယ်။