သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Haiyan မုန်တိုင်း ဗီယက်နမ်မှာ ဝင်ရောက်အားပျော့


ဗီယက်နမ်နိုင်ငံ၊ Danang မြို့ကမ်းခြေ မုန်တိုင်းမိုးအောက်မှာ လမ်းလျှောက်နေသူများ။ (နိုဝင်ဘာ ၁၀၊ ၂၀၁၃)
ဗီယက်နမ်နိုင်ငံ၊ Danang မြို့ကမ်းခြေ မုန်တိုင်းမိုးအောက်မှာ လမ်းလျှောက်နေသူများ။ (နိုဝင်ဘာ ၁၀၊ ၂၀၁၃)
ကမ္ဘာပေါ်မှာတိုက်ခတ်ခဲ့ဖူးသမျှ အင်အားအပြင်းထန်ဆုံး လေမုန်တိုင်းတွေထဲက တခုဖြစ်တဲ့ ဟိုင်ယံအမည်ရှိတဲ့မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်ပြီးတဲ့နောက် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီး အားပျော့သွားပြီဖြစ်ပါတယ်။

တနာရီကို မိုင် ၁၉၀ ကျော်နဲ့ တိုက်ခတ်ခဲ့တဲ့ အဲဒီမုန်တိုင်း ဒဏ်ကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက မြို့ ရွာတွေ အများအပြား ပျက်စီးသွားရသလို လူပေါင်း ၁၀,၀၀၀ ဝန်းကျင် သေကျေခဲ့ရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်သူတွေဟာ အဆိုးရွားဆုံးမုန်တိုင်းဒဏ် ခံရတဲ့ ဒေသတွေကို သွားရောက်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။ အဲဒီအရပ်ဒေသတွေမှာ အစားအစာနဲ့ သောက်သုံးရေသန့်ရရှိဖို့ အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တခြားတိုင်းပြည်တွေက ဖိလစ်ပိုင်နိုင်ငံအတွက် အထောက်အကူ ပံ့ပိုးရေးပစ္စည်းတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးမယ့် သူတွေကို စေလွှတ်ထားကြပါတယ်။

ပထမဦးဆုံး အမေရိကန်ပြည်ထောင်စုရဲ့ အကူညီတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးမယ့် တပ်သားတွေဟာ ဖိလစ်ပိုင်မြို့တော် မနီလာကနေ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးခံခဲ့ရတဲ့ တက်လိုဘန် (Tacloban) မြို့ကို တနင်္လာနေ့မှာ ထွက်ခွာသွားပြီဖြစ်ပါတယ်။

အဲဒီအရပ်ဒေသမှာ လူအုပ်စုနဲ့ လုယက်မှုတွေ ဖြစ်ပွားနေသလို ကူညီကယ်ဆယ် ပစ္စည်းတွေကိုလည်း လုယက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ စတိုးဆိုင်တွေကနေ အစားအသောက်တွေ၊ သောက်ရေတွေ လုယက် ယူငင်နေကြရုံတင်မကဘဲ ရုပ်သံတီဗွီတွေ၊ အဝတ်လျှော်စက်တွေ၊ ရေခဲသေတ္တာ စတဲ့ ပစ္စည်းတွေကိုလည်း လုယက်ယူဆောင်သွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီဒေသတဝိုက်မှာ ဘေးဒုက္ခရင်ဆိုင်နေရတဲ့ ဒေသအဖြစ် သမ္မတ ဘန်နစ်နို အကွီနို က ကြေညာထားသလို လူအသေအပျောက် စာရင်းတွေလည်း တိုးများလာနိုင်တယ်လို့ ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူတွေက ပြောကြပါတယ်။
XS
SM
MD
LG