သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Halloween လူအုပ်ပြိုမှု ကိုရီးယားရောက်မြန်မာတို့အမြင်


အီထယ်ဝန်းရပ်ကွက်မှာ လုံခြုံရေးတာဝန်ကျဝန်ထမ်း Maeng Geun-yeong က သေဆုံးသူတွေအတွက် အထိမ်းအမှတ်ပန်းစည်းချပြီး ဂါရဝပြုစဉ်။ (အောက်တိုဘာ ၃၁၊၂၀၂၂)
အီထယ်ဝန်းရပ်ကွက်မှာ လုံခြုံရေးတာဝန်ကျဝန်ထမ်း Maeng Geun-yeong က သေဆုံးသူတွေအတွက် အထိမ်းအမှတ်ပန်းစည်းချပြီး ဂါရဝပြုစဉ်။ (အောက်တိုဘာ ၃၁၊၂၀၂၂)


[[Zawgyi/Unicode]]

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်က Halloween ပွဲတော်တွင်း လူပိသေဆုံးသူပေါင်း ၁၅၆ ဦးထက်မနည်းရှိခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့ဘက်က လူစုလူဝေးထိန်းချုပ်ဖို့ပျက်ကွက်ခဲ့တာဖြစ်ပြီး အစိုးရအနေနဲ့ တာဝန်ရှိကြောင်း ဆိုးလ်မြို့ခံအများအပြားက ရှုမြင်ကြပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုး နောက်ထပ်မဖြစ်ရအောင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေလုပ်ကြမလဲ ဆိုတာတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက စဉ်းစားနေကြပါတယ်။ လူပေါင်း သိန်းဂဏန်းနီးပါး ပါဝင်ဆင်နွှဲခဲ့တဲ့ ဆိုးလ်မြို့က Halloween ပွဲတော်မှာ မမျှော်လင့်ပဲဖြစ်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်အပေါ်မှာ တောင်ကိုရီးယားရောက် မြန်မာတချို့ရဲ့ အမြင်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ Itaewon အရပ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ ညက Halloween ပွဲတော်အတွင်း လူပေါင်းသိန်းနဲ့ချီပါဝင်ဆင်နွှဲခဲ့ရာကနေ လူအုပ်ကြီး အချင်းချင်း တိုးတိုက်ပိမိခဲ့တဲ့ ဖြစ်ရပ်ကို ဆိုးလ်မှာ နေထိုင်တဲ့ မရွှေမိုးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကိုရီးယားကပညာရှင်တွေပြောပုံအရ လူတယောက်က အသက်ရှူလို့ရှိရင် ရင်ဘတ်ကဖောင်းလာမယ့် အဲဒီနေရာလေးတောင် မရှိတော့ဘူးပေါ့နော်။ ရင်ဘတ်တွေနဲ့ကျောတွေက အကုန်လုံးကပ်သွားတဲ့ဟာက လူတယောက်ရဲ့အသက်ရှင်နိုင်ဖို့အတွက်- လေးမိနစ်တဲ့။ အဲဒီလေးမိနစ်ကို ကျော်သွားရင် အသက်မရှင်နိုင်ဘူးပေါ့နော်။ အခုဟာက မိနစ်နှစ်ဆယ်။” (မရွှေမိုး)

“အဲဒီလမ်းလေးက ဟယ်လ်မင်တန်ဟိုတယ်လ်ရဲ့အနောက်လေးနားမှာရှိတာ။ ....တန်းစီပြီးတော့ရှိတယ်။ ဒီဘက်မှာ ဟယ်လ်မင်တန်နောက်ကျောကြီး...တံတိုင်းပေါ့နော်- ဒီဘက်မှာ ဆိုင်လေးတွေတော့ ရှိတာပေါ့။ ဒါပေမယ့် လမ်းလေးတွေက ကျဉ်းတယ်ပေါ့နော်။ လမ်းလေးကျဉ်းတာကို ကုန်းဆင်းလေးလည်းဖြစ်နေတော့ ဆင်းပြီးတော့ သွားကြတဲ့အခါမှာ တချို့တွေက ပထမစစချင်းတော့ နောက်ပြောင်နေကြသေးတယ်။ နောက်ပြောင်တယ်ဆိုတာက နောက်က အရှေ့ကိုသွားချင်လို့ တချို့တွေက နည်းနည်းတွန်းလိုက်လို့ရှိရင် -မတွန်းပါနဲ့-မတွန်းပါနဲ့..ဆိုပြီး တယောက်နဲ့တယောက် သီချင်းတွေတောင်ဆိုနေကြသေးတယ်။ နောက်ပိုင်းလည်းကျရော ကုန်းလျောပိုင်းလေးကစပြီး လျှောပြီးနိမ့်သွားတာပေါ့။ တယောက်နဲ့တယောက် အဲလို ကပ်သွားတဲ့အချိန်မှာ ကိုရီးယားလိုမျိုးလေ -အရှေ့ကိုမသွားနဲ့၊ အနောက်ကိုဆုတ် အနောက်ကိုဆုတ်...အဲလိုပြောတာ။ အဆင့်ဆင့် ပြောတဲ့သူတွေက အရှေ့ကိုတွန်း၊ အရှေ့ကိုတွန်းဆိုပြီး တဖြည်းဖြည်းနဲ့အသံကပြောင်းသွားပြီးတော့ အရှေ့ကိုတွန်းကြတာ။ တွန်းရင်းနဲ့ ရင်ဘတ်တွေနဲ့ကျောနဲ့ကပ်သွားပြီးတော့ လူအုပ်ကကြားထဲမှာမရွေ့ဘဲနဲ့ ရပ်သွားတာ။

...ရပ်သွားတော့ ကိုရီးယားကပညာရှင်တွေပြောပုံအရဆိုလို့ရှိရင် လူတယောက်က အသက်ရှူလို့ရှိရင် ရင်ဘတ်ကဖောင်းလာမယ့် အဲဒီနေရာလေးတောင် မရှိတော့ဘူးပေါ့နော်။

ရင်ဘတ်တွေနဲ့ကျောတွေက အကုန်လုံးကပ်သွားတာ။ ကပ်သွားတဲ့ဟာက လူတယောက်ရဲ့အသက်ရှင်နိုင်ဖို့အတွက်- လေးမိနစ်တဲ့။ အဲဒီလေးမိနစ်ကို ကျော်သွားလို့ရှိရင် အသက်မရှင်နိုင်ဘူးပေါ့နော်။ အခုဟာက မိနစ်နှစ်ဆယ်။ ဖုံးဆက်ပြီး ရဲတွေရောက်လာပြီး လူအုပ်ကိုခွဲသွားနိုင်တဲ့အချိန်အထိ- အောက်မှာပိနေတဲ့သူတွေကို ကယ်ထုတ်နိုင်တဲ့အချိန်က အားလုံးပေါင်း မိနစ် နှစ်ဆယ်ဆိုတော့ သေတဲ့သူတွေ တော်တော် များသွားတာပေါ့နော။”

Halloween ပွဲတော်မှာ လူအုပ် တိုးတိုက်ပိမှုကြောင့် သေဆုံးရသူ ၁၅၆ ဦးထက်မနည်းရှိခဲ့တဲ့အထဲမှာ အများစုက မိန်းကလေးတွေဖြစ်တယ်လို့ မရွှေမိုးက ပြောပါတယ်။

“သေတဲ့သူတွေက အရမ်းသနားဖို့ကောင်းတယ်။ မိန်းကလေးတွေအများစုပဲ။ အရပ်ပုတဲ့ မိန်းကလေးတွေ အများစု၊ ကိုရီးယားမိန်းကလေးတွေအများစု။ အဓိက-က ကိုရီးယားမှာက ပွဲမလုပ်တာက တော်တော်ကြာနေတာကို။ ပြီးတော့ Halloween ဆိုလို့ရှိရင် သူတို့က costume တွေ လုပ်တာကိုး။”

အမေရိကန်နိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Halloween ပွဲတော်တခုကို တောင်ကိုရီးယားလူငယ်တွေကြားမှာ ဘာကြောင့်ရေပန်းစားလူကြိုက်များလာခဲ့သလဲဆိုတာကိုတော့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသူလည်းဖြစ် ကိုရီးယား- မြန်မာ ဘာသာစကားသင်ကြားပေးနေသူ ဆရာမ ချမ်းချမ်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“အမှန်အတိုင်းပြောရင် ကျမလည်း ကိုရီးယားမှာနေတာ ဆယ့်တစ်နှစ်ရှိပြီပေါ့နော်။ ကိုရီးယားမှာနေတာ ဆယ့်တစ်နှစ်ရှိတဲ့အတောအတွင်းမှာ အရင်နှစ်တွေတုန်းက ဒီလို Halloween ပွဲဆိုတာက လူသူမသိသလောက်ပဲ။ ကျမတို့လည်း သိပ်ပြီးအာရုံမစိုက်ဖြစ်ဘူး။ ဘယ်သူကမှလည်း ဒီပွဲတော်ကို အဲလောက်အထိ အထူးတလည်ကျင်းပတဲ့ဟာလည်း မရှိဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ဒါက ကျမတို့ရဲ့culture ကိုမဟုတ်ဘူးလေ။ ရိုးရာကိုက အနောက်တိုင်းဒေသတွေရဲ့ ရိုးရာဖြစ်တဲ့အတွက် ဒီဘက်မှာ သိပ်ပြီးတော့ မဆင်နွဲကြဘူး။ ဒါပေမယ့် အခုဒီနောက်ပိုင်း ၂၀၁၆ လောက်ကနေ ဒီနောက်ပိုင်းမှာ တော်တော်လေး စိတ်ဝင်စားလာတာကို တွေ့ရတယ်ရှင့်။ လူငယ်တွေက များသောအားဖြင့် ဒီအကြောင်းအရာကို စိတ်ဝင်စားကြမှာပေါ့။ ဘာပဲပြောပြော ဒါက ပျော်ပွဲရွှင်ပွဲလိုပုံစံလည်း ဖြစ်နေတဲ့သဘောဆိုတော့။ ကိုရီးယားက နိုင်ငံတကာမှာအများကြီး influence ဖြစ်လာတဲ့ကိစ္စနဲ့လည်းဆိုင်မယ်လို့ ကျမတော့ ယူဆတယ်။”

အခုလို လူပိသေဆုံးမှုဖြစ်ပွားတဲ့အထိရောက်ခဲ့တဲ့ Halloween ပွဲတော်ဟာ တောင်ကိုရီးယားမှာ ကိုဗစ်အခြေအနေကြောင့် ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ ဖြေလျော့ပေးပြီးနောက်ပိုင်းကျင်းပခဲ့တာဖြစ်သလို လာရောက်သူတွေ မထင်မှတ်ဘဲ များပြားခဲ့တဲ့အခြေအနေကို ရဲတပ်ဖွဲ့ဘက်ကထိန်းပေးဖို့ ပေါ့ဆခဲ့တာဖြစ်တယ်လို့ မရွှေမိုးက ပြောပါတယ်။

“အကယ်လို့ ရုတ်တရက်ဒီလို လူတွေများသွားလို့ရှိရင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကို အမြန်ဆုံးချပေးရမှာကို ဒီလိုမျိုး ထိထိရောက်ရောက်အလုပ်မလုပ်ဘူးဆိုတဲ့ ပြည်သူတွေဘက်က အပြစ်တင်တဲ့လေသံတွေလည်း ထွက်နေတယ်။

Halloween ပွဲတော်တွင်း လူအုပ်ပိမှုကြောင့် သေဆုံးသူတွေအတွက် တောင်ကိုရီးယားအစိုးရက လျော်ကြေးပေးခဲ့သလို သေဆုံးခဲ့သူတွေထဲပါဝင်ခဲ့တဲ့ နိုင်ငံခြားသား ၂၆ ယောက်အတွကလည်း လျော်ကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝမ်းနည်းကြေကွဲဖွယ်ရာအထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲတွေ ရက်အတန်ကြာ ရပ်ဆိုင်းထားပါတယ်။

Halloween လူအုပ်ပြိုမှု ကိုရီယားရောက်မြန်မာတို့အမြင်
please wait

No media source currently available

0:00 0:08:20 0:00

===============

[[Unicode]]














တိုက်ရိုက် လင့်ခ်

===============

XS
SM
MD
LG