အစ္စရေးနိုင်ငံက ဟားမတ်စ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ အကြမ်းဖက်မှုကိစ္စတွေအတွက် အသုံးပြုတဲ့ အဖွဲ့ရဲ့ရန်ပုံငွေကြေး အပြောင်းအရွှေ့တွေကို အဓိက ကိုင်တွယ်နေသူတဦး သေဆုံးသွားပါတယ်။
ဂါဇာမြို့တော်မှာ သွားနေတဲ့ကားတစီးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့စဉ်အတွင်း မိုဟာမက် အယ်လ်ဂူး (Mohammed al-Ghoul) သေဆုံး သွားကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။ ဒါဟာ ဟားမတ်စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲ သုံးယောက် သေဆုံးသွားခဲ့ရတဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့အပြီး ရက်ပိုင်းအကြာမှာ ထပ်မံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုသေဆုံးသွားတဲ့ အယ်လ်ဂူးဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့အတွက် အဓိကအရေးကြီးတဲ့ ကဏ္ဍကနေ လှုပ်ရှားနေသူတဦးဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ သူဟာ ငွေတွေကို တနေရာကနေ တနေရာကို လွှဲပြောင်းတဲ့တာဝန်ယူထားပြီး ဂါဇာမှာအခြေစိုက်တဲ့ အကြမ်းဖက်အုပ်စုအတွက် အခြေခံ လိုအပ်ချက်တွေကို တည်ဆောက်ပေးနေသူ ဖြစ်ပါတယ်။ ဒီအထဲမှာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ရာမှာအသုံးပြုဖို့ ဥမင်လှိုဏ်ခေါင်း ဖေါက်လုပ်တဲ့ ကိစ္စတွေလည်း ပါဝင်ပါတယ်။
တနင်္ဂနွေနေ့ အစ္စရေးက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် အခင်းဖြစ်တဲ့နေရာအနီးမှာရှိတဲ့ မျက်မြင်သက်သေတွေအဆိုအရ ပျက်စီးနေတဲ့ ကားအတွင်းမှာ အမေရိကန်ဒေါ်လာ ငွေစက္ကူတွေကို တွေ့ရတယ်လို့ ပြောပါတယ်။