Hamas အဖွဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ အစ္စရေးအမျိုးသမီးငယ် ၄ ယောက် ဒီနေ့ ပြန်လွတ်လာပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်နဲ့ ၃ လကျော်တုန်းက အစ္စရေးဒေသတွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးသွားတဲ့ အမျိုးသမီး ၄ ယောက်လုံး မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ကြပြီလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးနဲ့ Hamas ကြားရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ အစ္စရေးစစ်သမီးတွေ ဖြစ်ကြတဲ့ အသက် ၂၀ အရွယ် Karina Ariev၊ Daniella Gilboa၊ Naama Levy နဲ့ အသက် ၁၉ နှစ်အရွယ် Liri Albag တို့ကို ဂါဇာမြို့မှာ Hamas ဘက်က ကြက်ခြေနီအဖွဲ့လက်ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။ ပြန်လွတ်လာချိန်မှာ သူတို့ ၄ ယောက်လုံးကို ပြုံးပြုံးရွှင်ရွှင်နဲ့ မြင်တွေ့ရပါတယ်။
အစ္စရေးဓားစာခံတွေ ပြန်လွတ်လာရေး Tel Aviv မြို့မှာ စုဝေးတောင်းဆိုနေကျ ရင်ပြင်မှာလည်း မြင်ကွင်းကျယ် ရုပ်မြင်သံကြားပေါ်ကနေ စောင့်ကြည့်နေကြသူတွေက အမျိုးသမီးငယ်တွေ ပြန်လွတ်လာချိန်မှာ လက်ခုပ်လက်ဝါးတွေတီး အစ္စရေးအလံတွေ ဝှေ့ယမ်းပြီး ဝမ်းပန်တသာ ကြိုဆိုခဲ့ကြပါတယ်။ ကြက်ခြေနီအဖွဲ့ကတဆင့် အမျိုးသမီးငယ် ၄ ယောက်လုံး အစ္စရေးကို ပြန်ရောက်လာကြတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဂါဇာနဲ့ နယ်စပ်နားမှာရှိတဲ့ Nahal Oz စစ်အခြေစိုက်စခန်းက စောင့်ကြည့်ထောက်လှမ်းရေးဌာနမှာ ၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ တာဝန်ထမ်းနေစဉ် သူတို့ ၄ ယောက်ကို Hamas တွေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
အပြန်အလှန် သဘောတူညီချက်အရ ပါလက်စတိုင်း အကျဉ်းသား ၂၀၀ ကိုအစ္စရေးဘက်က ဒီနေ့ ပြန်လွှတ်ပေးနေပါတယ်။ အစ္စရေးနဲ့ Hamas ကြားသဘောတူညီချက် ပထမအဆင့်အရ ၄၂ ရက်အတွင်း Hamas ဘက်က အစ္စရေးဓားစာခံ ၃၃ ယောက်ကို ပြန်လွှတ်ပေးရမှာ ဖြစ်သလို၊ အစ္စရေးဘက်ကလည်း အစ္စရေးအကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၉၀၀ လောက်ကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အဆင့် ၃ ဆင့်ပါ အပစ်ရပ်သဘောတူညီမှု စတင်အသက်ဝင်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အစ္စရေး ဓားစာခံ ၃ ယောက် ပါလက်စတိုင်းအကျဉ်းသား ၉၀ ပြန်လွတ်လာခဲ့ပါတယ်။
Forum