သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထန်တလန်မှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ် ၅၀ ကျော် မီးရှို့ခံရ


ထန်တလန်
ထန်တလန်

[[Zawgyi/Unicode]]

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒီနေ့မနက်ပိုင်းက ခရစ်ယာန် ဘုရားရှိခိုးကျောင်း တကျောင်းနဲ့ နေအိမ် ၅၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးမြို့နယ်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ မနေ့က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မကွေးတိုင်းထဲမှာလည်း စစ်တပ် ဝင်ရောက်တပ်စွဲတဲ့ နှမ်းခါးရွာက ရွာသားတဦး အသတ်ခံခဲ့ရပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စက်တင်ဘာလထဲကစလို့ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နေအိမ်တွေ မကြာခဏ မီးရှို့ခံနေရတာမှာ ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက် ကလည်း ထပ်ပြီး နေအိမ်တွေမီးရှို့ခံခဲ့ရပါတယ်။ နေအိမ် ၅၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ထန်တလန်မြို့ခံတဦးကပြောပါတယ်။

“စစ်တပ်ကရှို့တဲ့ဟာပေါ့။ ၅၅ အိမ်တဲ့။ တယောက်မှမရှိတော့ဘူး။ အခု CDF အဖွဲ့ တွေရယ်။ ကောင်စီတပ်တွေရှိတယ်။ သူတို့ နှစ်တပ်ပဲရှိတယ်။”

မနက် ၁၀ နာရီလောက်က မီးလောင်မှုမှာ နေအိမ်တွေအပြင် Assembly of God (AG) ခရစ်ယာန် ဘုရားကျောင်းလည်း မီးလောင်ခဲ့ပါတယ်။ ထန်တလန်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားသလို ဒေသခံ CDF အဖွဲ့တွေလည်း ရှိနေတာကြောင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ စက်တင်ဘာလထဲကစလို့ အခုအချိန်အထိ ထန်တလန်မြို့မှာ နေအိမ်တွေ မီးရှို့ ခံရမှု ၁၀ ကြိမ်ထက်မနည်းရှိနေပြီး နေအိမ်ပေါင်း ၆၅၀ ကျော် မီးလောင်ခဲ့ပါတယ်။ မြို့ခံတွေကတော့ တိုက်ပွဲတွေ စဖြစ်ခဲ့ချိန်ထဲက ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတဲ့အတွက် ထန်တလန်တမြို့နယ်လုံးက ပြည်တွင်းဒုက္ခသည် သောင်းချီ ရှိနေပါတယ်။

“ခန့်မှန်းခြေကတော့ မြို့နယ်တမြို့နယ်လုံးမှာတော့ သောင်းကျော်မှာပဲပြောတာ။ ဒါပေမဲ့တချို့က မီဇီုရမ်ပြည်နယ်ထဲကို သွားနေသူတွေရှိတယ်။ တချို့ကတော့ ထန်တလန်မြို့နယ် နယ်စပ်ဘက် မှာ တောရွာတွေမှ ာသူတို့က လုံခြုံတဲ့နေရာဆိုပြီးတော့ ပြေးနေကြတာ။ အခု နီးစပ်ရာနီးစပ်ရာနဲ့ ဒီလိုနေကြတာလည်း ရှိတယ်။ အားလုံးတော့ခက်ခဲကြတာပေါ့။ စားရေးသောက်ရေးလည်း ခက်ခဲတယ်။”

ချင်းပြည်နယ်နဲ့ ကပ်လျက် စစ်ကိုင်းတိုင်းထဲက ကလေးမြို့နယ်အတွင်းမှာလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း ဟားခါးလေးကျေးရွာဘက်မှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အကြား မနေ့က တနေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ PDF ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“မနေ့ကမနက်စောစောပိုင်းက စပြီးတော့မှစစ်ကောင်စီတပ်တွေကနတ်ချောင်းကနေ အနောက်ဘက်ကို တရွေ့ရွေ့ တိုးလာတယ်ပေါ့။ ချောင်းခွကနေပြီးမှ ဟားခါးလေးဘက်ထိ သူတို့တိုးလာတာပေါ့နော်။ ဒီဟားခါးလေးနဲ့ ရေစိုကြားမှာ စပြီးမှ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဗျ။ စစ်ကောင်စီတပ်တွေကို ဟားခါးလေးနဲ့ရေစိုကြားမှာ စတင်ပြီး ဖြတ်တောက် တိုက်ခိုက်ခဲ့တယ်။ ညနေပိုင်း ၃ နာရီ ၄ နာရီအထိ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ မနေ့ကတိုက်ပွဲအတွင်းမှာတော့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိပါဘူးဗျ။ ရန်သူစစ်ကောင်စီဘက်ကတော့ ၁၅ ဦးကျဆုံးမယ်လို့ ကျွန်တော်တို့သိရပါတယ်။”

PDF (Kalay) ၊ CNDF ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့၊ Zomi PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ မနေ့ကတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်မှုများတယ်လို့ PDF ခေါင်းဆောင်တွေကပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဟားခါးလေးကျေးရွာဘက် ကလေးကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပေမယ့် အကျအဆုံး မရှိဘူးလို့ ဆိုပါတယ်။

“ကလေးမှာတော့ ဒီဟားခါးလေးဘက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဲဒီ PDF အကြမ်းဖက်အဖွဲ့ကနေပြီးတော့ ပစ်ခတ်ခဲ့တာတော့ရှိတယ်။ နေ့လယ် ၁၁ လောက်မှာပစ်ခတ်ခဲ့တာရှိတယ်။ ပြီးတော့ အနောက်ဘက် သူတို့ပြန်ဆုတ်သွားတယ်။ ဒီဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။”

တိုက်ပွဲဖြစ်ပွါးမှုအတွင်း ချောင်းခွနဲ့ ဟားခါးလေးကျေးရွာက နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွါးတဲ့နေရာအနီးက ဟားခါးလေးကျေးရွာသားတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေကြပြီး မပြေးဘဲကျန်တဲ့ရွာသားတချို့ကိုတော့ စစ်ကောင်စီတပ်က ဘုရားကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကတော့လေ ဟားခါးလေးရွာထဲမှာ တရွာလုံးပြေးကြတယ်။ မပြေးနိုင်တဲ့သူ ၁၅ ယောက် ၁၆ ယောက်လောက်ပေါ့နော် အဲဒါကို စစ်ကောင်စီတွေ ရွာထဲမှာလာတော့ သူတို့တတွေအကုန်လုံးခေါ်ပြီးမှ ဘုရားကျောင်းမှာ ပိတ်ထားခဲ့တယ်ပေါ့။ အကုန်လုံးတော့ စစ်ရှောင်နေကြတာပေါ့။ ရွာထဲပြန်မဝင်ရဲသေးဘူး။”

တိုက်ပွဲဖြစ်ပွါးနေမှုကြောင့် ကလေးမြို့နယ် နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစိုနဲ့ ပန်းမွန်ချောင်း ကျေးရွာသား ထောင်ချီဟာလည်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးဖို့ အတော်လေး အခက်ခဲရှိနေတယ်လို့ ကလေးမြို့ လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မကွေးတိုင်းထဲမှာလည်း စစ်ကောင်စီတပ်တွေ မနေ့က စတည်းချခဲ့တဲ့နှမ်းခါးကျေးရွာမှာ လူတဦး အသတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“၂၉ရက်နေ့မှာ ရွာထဲကိုဝင်ရောက်ပြီးမှ ညအိပ်တပ်စွဲတာဗျ၊ တပ်စွဲတဲ့အချိန်မှာ အိမ်ပေါင်း ၄၀ လောက်က တန်ဖိုးကြီး ပစ္စည်းတွေ ဘာတွေပေါ့ ..အကုန်လုံး ကားပေါ်တင်ယူတာတို့၊ ဖျက်စီးတာတို့ ..နောက်ပြီးတော့ ကြက်တွေ၊ ဘဲတွေ၊ ဝက်တွေကို သတ်စားသွားတယ်ဗျ။ အသက် ၄၆ နှစ် ဦးပန်းမောင်ကိုလည်း သတ်ပြီးတော့မှ နွားစာတိုက်ထဲထည့်ပြီးတော့ မီးရှို့သွားတယ်ဗျ။ စိတ်ဝေဒနာရှင် အသက် ၆၀ ကျော် အဖိုးတဦး-အဲဒီတဦးလည်း သူတို့က ရိုက်နှက်သွားတယ်ဗျ။ အခု ဒီမှာ အသက်အန္တရာယ်စိုးရိမ်နေရတယ်ဗျ။”

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်မယ်ထင်ရတဲ့ နေရာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]



















================

XS
SM
MD
LG