သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညီလာခံ ပထမဆုံး မြန်မာကိုယ်စားပြု အထူးသံ ချစ်သုဝေ တက်ရောက်


ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ Handwashing Ambassador ဒေါက်တာ ချစ်သုဝေ။
ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ Handwashing Ambassador ဒေါက်တာ ချစ်သုဝေ။

မြန်မာနိုင်ငံ အပါအဝင် ဖွံဖြိုးဆဲနိုင်ငံတွေက ကလေးနဲ့ မိခင်တွေအတွက် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မယ့် လုပ်ငန်းတွေမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီထောက်ပံ့မှုတွေဟာ အလွန်အရေးပါတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ နာမည်ကျော် မြန်မာအနုပညာရှင် ချစ်သုဝေက ပြောဆိုလိုက်ပါတယ်။ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ညီလာခံကို "ကလေးတယောက် ငါးနှစ်ရောက်ဖို့ ဒို့တွေကူညီစို့" အစီအစဉ်ရဲ့ လက်ဆေးမှု ကိုထောက်ခံအားပေးတဲ့ အထူးသံ Handwashing Ambassador အနေနဲ့ ချစ်သုဝေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပထမဆုံးအကြိမ် တက်ရောက်နေတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

အကြိမ် (၇၀) မြောက် ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဖွံဖြိုး တိုးတက်ဆဲနိုင်ငံတွေနဲ့ ပတ်သက်လို့ ထောက်ပံ့ကူညီဆောင်ရွက်မယ့် လုပ်ငန်း စဉ်တွေ ကို ချမှတ်မှာဖြစ်တာကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ကိုယ်စားလှယ် တွေလည်း တက်ရောက်နေကြတာပါ။

SDGs လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ခံမယ့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၁၇) ချက်ထဲ ပါဝင်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်မှာ တကိုယ်ရေ သန့်စင်မှုကိစ္စ ပါဝင်နိုင်ရေး နဲ့ အဲဒီ့အတွက် ပညာပေး လှုံဆော်မှုတွေမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ဆုံးဖြတ်ချက်ချပြီး ကူညီပံပိုးပေးနိုင်ဖို့ သူ့အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပီး ဆောင်ရွက်နေကြောင်း နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ ချစ်သုဝေကပြောပါတယ်။

"Sustainable Development Goals (SDGs) မှာ ပါဝင်နိုင်ပြီ ဆိုလို့ရှိရင် အဓိက အဲ့ဒီ့အတွက် လာကြိုးစားကြတာပါ။ တကယ်လို့သာ Sustainable Development Goals နံပတ်အဆင့်မှာ hygiene indicator ပါသွားပြီဆိုလို့ရှိရင် သမီးတို့လို Developing Countries တွေက Goal အရ အလုပ်လုပ်နေကြရတဲ့ နိုင်ငံတွေ အတွက် အရမ်းအဆင်ပြေသွားပြီ။ အဲ့ဒီ့နိုင်ငံက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းအဆင်ပြေသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သမီးတို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း လုပ်တော့မယ်။ တကယ်လို့သာ UN က Sustainable Development Goals (SDGs) ကို အတည်ဖြစ်ပြီးတော့ Hygiene Indicator ပါသွားပြီဆိုတာနဲ့ Water assessment တွေ Handwashing with Soap အရေးကြီးခြင်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာနကလည်း လုပ်တော့မယ်။ NGO တွေကလည်း ဝင်လာပြီး Support လုပ်တော့မယ် အဲ့ဒီ့အခါမှာ သမီးတို့ အတူပူးပေါင်းပြီးတော့ ကလေးအသေအပျောက်နှုန်းကို လျော့ချနိုင်မယ်။ အဲ့ဒီ့အတွက် သမီး အဓိက လာတာပါ။"

ဒီကနေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် Global Citizen Festival ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာနိုင်ငံသား ပွဲတော်မှာလည်း မြန်မာအနုပညာရှင်တဦးအနေနဲ့ ပါဝင်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ချစ်သုဝေက အခုလိုပြောပါတယ်။

"International Celebrities ထဲက ဆိုလို့ရှိရင် အများကြီး လာကြမှာပါ။ ပြီးတော့ performance လုပ်မယ့်သူတွေက Beyonce၊ Ed Sheeran သူတို့တွေ လာကြမှာပါ။ အဲ့ဒီ့ပွဲက VIP ဧရိယာမှာ သမီးတို့တွေက ပါဝင်တဲ့ နိုင်ငံတကာ အနုပညာရှင်တွေ၊ ပေါ်လစီချမှတ်တဲ့သူတွေကို သမီးတို့ရဲ့ အလုပ်ဖြစ်တဲ့ Handwashing with Soap က သိပ်အရေးကြီးကြောင်း ကို ပြောကြရမယ်။ ပြောကြပြီးတော့ သူတို့ကနေ တဆင့် ကမ္ဘာပေါ်မှာ ရှိတဲ့ ပရိတ်သတ်တွေရဲ့ အားကို ယူမှာပါ။"

ဒါအပြင် အထွေထွေညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ကို လည်း သူ့အနေနဲ့ ပြောဆိုဆွေးနွေးနိုင်ခဲ့တယ်လို့ ဆရာဝန် တဦးလည်းဖြစ်တဲ့ ချစ်သုဝေကပြောပါတယ်။

" ဒါ ပထမဦးဆုံး မြန်မာပြည်က World Stage မှာ Represent လုပ်ရတာပဲ။ အဲ့ဒီ့တော့ ကမ္ဘာ့အဆင့်မှာ Social Work လုပ်ပေးနေတဲ့ Celebrities တွေ လည်းရှိတယ်ဆိုတာ သူတို့သိသွားတယ်။ ဘယ်လောက်အထိ လုပ်ဆောင်နိုင်သလဲ ဆိုတဲ့ သမီးတို့ရဲ့ Mission တွေအကြောင်းလည်း သူတို့သိသွားတယ်။ ပြီးတော့ နောက်တခုက ဒီလိုပွဲတွေမှာ တွေ့ရသော အစုံစုံသော ပေါ်လစီ ချမှတ်တဲ့သူတွေ နိုင်ငံ့ခေါင်းဆောင်တွေကနေ တဆင့် သမီးတို့ လိုအပ်နေတဲ့အရာလေးတွေကို သမီးပြောပြခွင့်ရလာတယ်။

သမ္မတဟောင်း ကလင်တန်နဲ့ ချစ်သုဝေ
သမ္မတဟောင်း ကလင်တန်နဲ့ ချစ်သုဝေ

ဥပမာအားဖြင့် ဆိုပါစို့ မနေ့ညကဆိုလို့ရှိရင် ကလင်တန်နဲ့ နုတ်ဆက်နိုင်တယ် ကလင်တန်ကို သမီးတို့ Mission သမီး Mission လေးအကြောင်း သမီးပြောပြလိုက်နိုင်တယ်။ ကလင်တန်ကလည်း အသိအမှတ်ပြုလိုက်တယ်။ အဲ့တော့ မြန်မာပြည်အတွက် တခုခု လုပ်ရမှာပါလားဆိုတာ အနည်းဆုံးတော့ ခေါင်းထဲ ရောက်သွားမှာပါပဲ။"

ချစ်သုဝေကိုယ်တိုင် ဦးဆောင်လှုပ်ရှားနေတဲ့ ကလေးနဲ့မိခင်တွေရဲ့ လက်ကိုစင်ကြယ်စွာဆေးကြောခြင်းအားဖြင့်ကူးစက်ရောဂါကာကွယ်နိုင်တယ်ဆိုတဲ့ အစီအစဉ်ကို Lifebuoy ဆပ်ပြာကုမ္ပဏီက အကူအညီပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မနှစ်ကစတင်အကောင်အထည်ဖေါ်ခဲ့ပြီး ရန်ကုန်မြို့ကကျောင်းသူကျောင်းသား ငါးသိန်းအထိ ကျန်းမာရေးပညာပေးနိုင်ခဲ့တယ်လို့ ချစ်သုဝေက ဗွီအိုအေကို ပြောသွားပါတယ်ရှင်။

XS
SM
MD
LG