သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင် တနှစ်ပြည့် အထိမ်းအမှတ် NLD ကျင်းပ


သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သွားတာ တနှစ်ပြည့်ချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် သူ့ကို ချစ်ခင်လေးစားတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ သတင်းနဲ့စာနယ်ဇင်းသမားတွေက အထိမ်းအမှတ်ပွဲတွေကို ပြည်တွင်းပြည်ပနေရာအတော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဦးဝင်းတင်ရဲ့ရပ်တည်ချက်တွေဟာ ဒီနေ့အထိ မှန်ကန်တယ်ဆိုတာပြသနေတယ်လို့လည်း သူ့ရဲ့လုပ်ဖော်ကိုင်ဘက် စာနယ်ဇင်းသမားတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခေါင်းဆောင်မှုနေရာကနေ တာဝန်ယူခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတာပါ။ ဦးဝင်းတင်ဟာ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ NLD အတွက် အင်အားကြီး တခုဖြစ်ခဲ့ကြောင်း NLD ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“ကျနော်တို့ အင်အားကြီးတခုပေါ့- ဦးဝင်းတင်က NLD ပြန်လည်စည်းရုံးတဲ့ ဒီဘက်ကာလမှာ၊ ၂၀၀၈ ဒီဘက်ကာလမှာ တကယ့်အင်အားကြီးတခုအနေနဲ့ NLD ကို မားမားမတ်မတ်သူက ရပ်တည်ပေးခဲ့တဲ့ပုဂ္ဂိုလ်ပေါ့။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့တဲ့ ဦးဝင်းတင်ဟာ စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ထောင်ဒဏ် ကျခံခဲ့ရပြီး ညှင်းပမ်းနှိပ်စက်မှုတွေကိုလည်း ခံစားခဲ့ရပါတယ်။ အကျဉ်းထောင်အတွင်းမှာ ၁၉ နှစ်ကြာ နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ပြန်လွတ်လာချိန်ကစလို့ NLD အတွင်းမှာ စည်းရုံးရေးနဲ့ ညီညွတ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ ဦးဝင်းတင်ရဲ့နိုင်ငံရေးရပ်တည်ချက် ခိုင်မာမှု၊ ရဲရင့်မှုတွေနဲ့ပတ်သက်လို့ မန္တလေးမြို့က ဝါရင့်သတင်းစာဆရာ၊ စာရေးဆရာ ဦးကျော်ရင်မြင့်က အခုလို ပြောပြပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ ဖျက်မလားဆိုတဲ့ လူထုအစည်းအဝေးကြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ဖျက်ပစ်မှကို ဖြစ်မယ်၊ ပြင်လို့ကို မရလောက်အောင် ဆိုးဝါးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်ဆိုပြီးတော့ ရဲရဲရင့်ရင့် သူ့တယောက်တည်းတင် လက်ထောင်ပြီးတော့မှ ဆန္ဒပြုခဲ့တဲ့ ဓာတ်ပုံတပုံရှိတယ်။ မြင်ကွင်းရှိတယ်၊ အဲဒါက သူ့ရဲ့အင်မတန်မှ ရဲရင့်ပြီး မှန်ကန်တဲ့ ရပ်တည်ချက်၊ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်။ စစ်အစိုးရနဲ့ စစ်အစိုးရကို လိုက်လျောပြီးတော့မှ တိုင်းပြည်အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လက်တွဲသွားရင်ရမယ်လို့ မြင်တဲ့သူတချို့ NLD ထဲမှာ ရှိပါတယ်။ အများစုပေါ့လေ- တော်တော်များများကတော့ အဲဒီလို မြင်ကြတာပါ။ သူက လက်လည်းမခံဘူး။ ဆန့်ကျင်ပြီးတော့မှ သူ့ရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောဆိုနေထိုင်သွားတာကို ကျနော်တွေ့ရပါတယ်ဗျ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလည်း မတူ ကွဲလွဲတဲ့အမြင်တွေ ရှိခဲ့သည့်တိုင်အောင် ဦးဝင်းတင်ဟာ အများစုရဲ့သဘောထားဆန္ဒကို အလေးထားခဲ့သူဖြစ်ကြောင်း NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မတူတာတွေ ရှိတယ်။ ရှိတဲ့အတိုင်းလည်း သူက ဖြောင့်ဖြောင့်တန်းတန်းပဲ မတူရင်မတူကြောင်း ပြောတယ်။ တဆက်တည်းမှာပဲ မတူလို့ NLD က တစုံတခု အားလုံးသဘောတူဆုံးဖြတ်ရင်လည်း သူလိုက်နာပါ့မယ်ဆိုတာလည်း သူ အမြဲတမ်းပြောနေကျ စကားပါ။”

ဦးဝင်းတင်ရဲ့ သဘောထားရပ်တည်ချက်တွေဟာ ဒီကနေ့ ကာလမှာ မှန်ကန်ကြောင်း သမိုင်းက သက်သေပြနိုင်ခဲ့ပြီလို ဆရာဦးကျော်ရင်မြင့်က ဆက်ပြောပြပါတယ်။

“ဦးဝင်းတင်ရပ်တည်ချက် ဘယ်လောက်မှန်တယ်ဆိုတာက သမိုင်းကရော၊ အဖြစ်အပျက်တွေကရော သက်သေပြနေပြီလေ။ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် သမ္မတအဖြစ်နဲ့နေပြီးတော့ အစိုးရဖွဲ့တာမှာ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုပြီးတော့ အစိုးရအဖွဲ့တဖွဲ့တက်လာတယ်။ သူတို့တက်လာကစတုန်းက လူတွေက ယုံယုံကြည်ကြည် အားကိုးတကြီး မျှော်လင့်ချက် ကြီးကြီးနဲ့ တကယ် ပြုပြင်ပြောင်းလဲလာမှာပဲလို့ မျှော်လင့်လာတယ်။ အခု ဦးသိန်းစိန်အစိုးရ အပေါ်မှာ တနည်းပြောရရင် စစ်အစိုးရကနေပြီးတော့ အသွင်တမျိုးပြောင်းထားတဲ့ အစိုးရအပေါ်မှာ လူတွေက တော်တော် စိတ်ကုန်ပြီး စိတ်ပျက် လက်ပျက် ဖြစ်လာတယ်။ လက်ပံတန်းမှာဖြစ်သွားတဲ့ကိစ္စ၊ နောက်တခါ ရန်ကုန်မှာဖြစ်တဲ့ကိစ္စ၊ လက်ပံတောင်းမှာဖြစ်တဲ့ကိစ္စ- နေရာတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ကြည့်ခြင်းအားဖြင့် ဦးဝင်းတင်ရဲ့ရပ်တည်ချက် ဦးဝင်းတင်မြင်တာဟာ မှန်တယ်ဆိုတာ လုံးဝ သက်သေပြရာ ရောက်နေပြီလို့ ကျနော်တော့ အဲဒီလို တွေ့ပါတယ်ဗျ။”

ဦးဝင်းတင်ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်ပြီးချိန်ကစလို့ ကွယ်လွန်ချိန်အထိ အကျဉ်းထောင်အတွင်းမှာဝတ်ရတဲ့ အပြာရောင်ဝတ်စုံကိုသာ ဝတ်ဆင်ခဲ့တာကြောင့် သူ့ကို ချစ်ခင်လေးစားသူတွေက အပြာရောင်ဝတ်စုံဝတ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဦးဝင်းတင်ဟာ အမှန်တရားကို ထောင်မကြောက်၊ တန်းမကြောက်ဘဲ ရဲ့ဝံ့စွာ ပြောဆိုတတ်သူအဖြစ် အများက သတ်မှတ်ခဲ့ကြပါတယ်။ ဦးဝင်းတင်ဟာ ပဲခူးတိုင်း၊ ကြို့ပင်ကောက်ဇာတိဖြစ်ပြီး ၁၉၅၃ နှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေနဲ့ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်။ သတင်းစာဆရာကြီးဦးဝင်းတင်ဟာ ကမ္ဘာ့သတင်းစာများနဲ့ ထုတ်ဝေသူများအစည်းအရုံးကပေးတဲ့ ရွှေကလောင်ဆု အပါအဝင် နိုင်ငံတကာက ချီးမြှင့်တဲ့ စာနယ်ဇင်းဆိုင်ရာဆုတွေကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG