အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ အဆင်ြ့မင့်ခေါင်းဆောင်လည်းဖြစ်၊ တာလီဘန်အနွယ် ဟာခနီ (Haqqani) ကွန်ယက်ရဲ့ ခေါင်းဆောင်ဖြစ်သူကို အာဖဂန်နစ္စတန်မှာ ဖမ်းဆီးရမိပြီလို့ နေတိုးအဖွဲ့က ကြေညာလိုက်ပါတယ်။ ပါကစ္စတန် နယ်စပ်အနီးက Paktiya ပြည်နယ်ထဲမှာ အင်္ဂါနေတုန်းက ဟာဂျီမာလီ ခန် (Haji Mali Khan) ကို အာဖဂန်နဲ့ ညွှန့်ပေါင်းအဖွဲ့ ပူးတွဲ လုံခြုံရေးတပ်ကနေ ဖမ်းဆီးမိတာဖြစ်တယ်လို့ နေတိုးက စနေနေ့မှာ ကြေညာခဲ့ပါတယ်။
ခန် ဟာ ဟာခနီအခြေစိုက်စခန်းကို စီမံအုပ်ချုပ်ပြီး အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်က စစ်ဆင်ရေးတွေကို ကြီးကြပ်နေသူဖြစ်တယ်လို့ နေတိုးကြေညာချက်မှာ ဖော်ပြပါတယ်။ အကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့ ပါကစ္စတန်ကနေ သူပုန်တွေကို အာဖဂန်နစ္စတန်ထဲ စေလွှတ်မှုတွေကို ကြီးကြပ်လုပ်ကိုင်နေသူလို့လည်း ဆိုပါတယ်။ အခုလို သူ့ကို ဖမ်းမိလိုက်တာဟာ ဟာခနီကွန်ယက်ကို အကြီးအကျယ် ထိခိုက်စေတဲ့ သိသာအောင်မြင်တဲ့ ရလဒ်မှတ်တိုင် ဖြစ်တယ်လို့ နေတိုး ညွန့်ပေါင်းမဟာမိတ်အဖွဲ့က ပြောပါတယ်။
သူ့ကို စစ်ဆင်ရေးတွင်း ဖမ်းမိစဉ်မှာ သူဟာ လက်နက်အပြည့်အစုံနဲ့ ရှိနေတယ်လို့ နေတိုးရဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း သူဟာ ခုခံမှုမရှိဘဲနဲ့ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာတော့ ခန် အပြင် သူ့လက်ထောက်တွေနဲ့ သူ့ကိုယ်ရံတော်တွေကိုပါ ဖမ်းမိခဲ့ပါတယ်။ တာလီဘန်တွေဘက်ကတော့ ခန် ကို ဖမ်းမိတယ်ဆိုတာကို ငြင်းပါတယ်။