သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ် ပျက်ကျတဲ့ Harrison Ford အခြေအနေကောင်း


Harrison Ford မောင်းတဲ့ လေယာဉ်ပျက်ကျ။
Harrison Ford မောင်းတဲ့ လေယာဉ်ပျက်ကျ။

နာမည်ကျော် အမေရိကန်ရုပ်ရှင်မင်းသားကြီး ဟယ်ရစ်ဆန် ဖို့ဒ် (Harrison Ford) ဟာ ကြာသပတေးနေ့က သူမောင်းသွားတဲ့ အင်ဂျင်တလုံးတပ် လေယာဉ်လေး စက်ချို့ယွင်းလို့ ပျက်ကျပြီးတဲ့နောက် ကောင်းကောင်းပြန်ပြီး နာလန်ထူလာမယ်လို့ ခန့်မှန်း ထားပါတယ်။ သူ့ရဲ့လေယာဉ်ဟာ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်တာ မိုနီကာ (Santa Monica) စည်ပင်လေဆိပ်ကနေ ပျံတက် သွားပြီး သိပ်မကြာခင်မှာပဲ ပျက်ကျတာပါ။

အသက် ၇၂ နှစ်အရွယ် မင်းသားကြီးကို အနားကဆေးရုံဆီ ခေါ်သွားချိန်မှာ အသက်ရှုပြီးတော့ သတိရနေတယ်လို့ တာဝန်ရှိသူ တွေကပြောပါတယ်။ သူ့ရဲ့အခြေအနေကို အသင့်အတင့်ကနေ အလယ်အလတ် အဆင့် ကောင်းမွန် တယ်လို့ သတ်မှတ်ပါတယ်။ သူ့ရဲ့ တင်ပါးဆုံရိုးနဲ့ ခြေချင်းဝတ် ကျိုးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးကို ကိုးကားပြီး KTLA ဒေသတွင်း သတင်းဌာနက ပြောပါတယ်။

မင်းသားကြီး Ford ရဲ့ဒဏ်ရာတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရပါဘူးလို့ သူ့ရဲ့ ပြန်ကြားရေးပုဂ္ဂိုလ်ကပြောပါ တယ်။ ဒုတိယကမ္ဘာစစ် ကာလကဖြစ်တဲ့ သူ့ရဲ့လေယာဉ် ပျက်ကျချိန်က လေယာဉ်ပေါ်မှာ Ford တယောက်ထဲပဲ ပါပါတယ်။ လေယာဉ် အင်ဂျင်စက်ချို့ယွင်းနေပြီလို့ လေကြောင်းထိန်းသိမ်းသူတွေကို အကြောင်းကြားပြီးတဲ့နောက် လေယာဉ်ကို အရေးပေါ် ဆင်းလိုက်ရတာပါ။

Ford က လေယာဉ်ကို ဂေါက်ကွင်းတခုထဲမှာ အရေးပေါ်ဆင်းလိုက်ပြီး အဲဒီအချိန် ဂေါက်သီးကစားနေတဲ့ ဆရာဝန် နှစ်ယောက်က သူ့ကို လာကူညီကြပါတယ်။ မင်းသားကြီး Ford ဟာ Star Wars ကြယ်တာရာ စစ်ပွဲဇာတ်ကားထဲမှာ အာကာသ သူရဲကောင်း Han Solo အဖြစ်၊ Indiana Jones ဇာတ်ကားထဲမှာ စွန့်စား စူးစမ်းလေ့လာသူ ရှေးဟောင်းသုတေသန ပညာရှင် အဖြစ် သရုပ်ဆောင်တာတွေကြောင့် အများအားဖြင့် ထင်ရှားသူဖြစ်ပါတယ်။

XS
SM
MD
LG