သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဗိုလ်ချုပ် ၃ ဦးရဲ့ စစ် ရာဇဝတ်မှု ဟားဗတ် လေ့လာ ချက် ဖေါ်ထုတ်


မြန်မာ့တပ်မတော် စစ်ရေးပြ။
မြန်မာ့တပ်မတော် စစ်ရေးပြ။

စစ်အစိုးရ လက်ထက်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲ လက်ရှိ အစိုးရ အဖွဲ့ထဲက ထိပ်တန်း အရာရှိကြီးများ ပါဝင်ခဲ့တယ်လို့ ဟားဗတ် တက္ကသိုလ် ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ရဲ့ သုတေသီ တဦးက ပြောဆို လိုက်ပါတယ်။ မြန်မာစစ်အရာရှိကြီး ၃ ဦးနဲ့ ပတ်သတ်လို့ နိုင်ငံ တကာ ရာဇဝတ်မှုခုံရုံးက သူတို့ကို ဖမ်းဆီးနိုင်ဖို့ ကျေနပ်လောက်တဲ့ သက်သေ အထောက်အထားတွေ တွေ့ရှိ ထားတယ်လို့လည်း ဟားဗတ် ဥပဒေကျောင်း နိုင်ငံတကာ တရားရေးရာ သုတေသီ Matthew Bugher က ရန်ကုန်မြို့ ဆူးလေ Shangrila Hotel မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာပြောဆို လိုက်တာပါ။ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မသိဂီၤလင်းက ပြောပြပေးမှာပါ။

လက်ရှိအစိုးရအဖွဲ့ထဲက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ အထူး စစ်ဆင်ရေး အဖွဲ့မှူး ဗိုလ်ချုပ်ကြီးခင်ဇော်ဦးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်အေးတို့ ဟာ လွန်ခဲ့တဲ့ ၆ နှစ်ခန့်က စစ်ရာဇဝတ်မှုနဲ့ လူသားထု အပေါ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ တယ်လို့ ပာားဗတ် ဥပဒေကျောင်းရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဌာနက အစီအရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၅-၂၀၀၆ခုနှစ်အတွင်း သံတောင်မြို့ တစ်ဝိုက်မှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ခြေမြန်တပ်မ ၆၆တို့ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ တိုက်ခိုက်ရာကနေ ကရင်လူမျိုးစုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာပါ။ တာဝန်ရှိသူ သုံးဦးရဲ့ ပြစ်မှုကျူးလွန်တာနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ သက်သေတွေ ရှိတယ်လို့ ဟားဗတ်ဥပဒေကျောင်းက နိုင်ငံတကာတရားရေး လေ့လာသူ Matthew Bugher က အခုလိုပြောပါတယ်။

“၂၀၀၅-၂၀၀၆ ခုနှစ်အတွင်း ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ခြေမြန်တပ်မ ၆၆ က စစ်အရာရှိကြီး ၃ ဦးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆီမှာ နိုင်ငံတကာရာဇဝတ်မှုခုံရုံးက သူတို့ကို ဖမ်းဆီးနိုင်ဖို့ ကျေနပ်လောက်တဲ့ သက်သေ အထောက်အထားတွေ ရှိပါတယ်။ တချိန်တည်းမှာပဲ ဒီပြစ်မှုတွေကို ကွပ်ကဲသူတွေဟာ အစိုးရအဖွဲ့ထဲမှာ အရေးပါတဲ့နေရာတွေ ရနေတာကို တွေ့ရပါတယ်။ ပြည်ထဲရေးဝန်ကြီးက ဒီလိုပြစ်မှုတွေကို ကျူးလွန်တာတွေ့ရတော့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်ထိ စစ်မှန်သလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။”

လွတ်လပ်စွာ ပစ်ခတ်ခွင့်ပြုထားတဲ့ အမည်းရောင်နယ်မြေကို သံတောင် တစ်မြို့လုံးနီးပါးသတ်မှတ်ထားပြီး အဲ့ဒီနယ်မြေထဲ ဝင်ရောက် လာတဲ့လူ အားလုံးကို အရပ်သား၊ မိန်းမ၊ ကလေး မရွေးဘဲ ရန်သူအဖြစ်သတ်မှတ်ပြီး ပစ်ခတ်စေတယ် လို့လည်း မှတ်တမ်းကောက်ရာမှာ သိရတယ်လို့ ပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ တောင်ပိုင်းတိုက်စစ်ဌာနချုပ်နဲ့ ခြေမြန်တပ်မ ၆၆တို့ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာတွေ အသေးစိတ်ဖော်ပြထားပါတယ်။ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုတော့ Matthew Bugher က အခုလို ခွဲခြားပြပါတယ်။

“အသေးစိတ်ပြောရမယ်ဆိုရင် စစ်ရာဇဝတ်မှုတွေဟာ အရပ်သားတွေကို တိုက်ခိုက်တာ၊ အိမ်ရာတွေကို စွန့်ခွာပြီးထွက်ပြေးစေတာ၊ ရန်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ အပိုင်သိမ်းတာ၊ လူသတ်တာ၊ ညှင်းပန်းနှိပ်စက်တာနဲ့ လူတစ်ဦးရဲ့သိက္ခာကျဆင်းအောင် ဆောင်ရွက်တာတို့ဖြစ်ပါတယ်။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုတာကတော့ လူများစုကို အဓမ္မ နေရာပြောင်းရွှေ့ခိုင်းမှု၊ လူသတ်မှု၊ ကျွန်ပြုမှု၊ နှိပ်စက်ညှင်းပန်းမှုနဲ့ အခြား လူမဆန်တဲ့လုပ်ရပ်တွေကို ပြောတာပါ။”

အစီရင်ခံစာမှာ ပြစ်မှုကျူးလွန်တာတွေကို ထင်ထင်ရှားရှားထောက်ပြ ထားပေမဲ့လည်း မြန်မာနိုင်ငံဟာ Rome Statute အရ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ ပါဝင်ခြင်း မရှိတာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဌာနက ပြစ်မှုကိုအရေးယူဖို့ ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒီအစီအရင်ခံစာ ကို ပြည်သူတွေလက်ထဲ၊ ပြည်တွင်းအဖွဲ့အစည်းတွေလက်ထဲ အရောက် ထည့်ပေးရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပြပါတယ်။

“ပထမဆုံး ကျွန်တော်တို့ဟာ အဓမ္မ ပြုကျင့်ခံရတဲ့ အများဆုံးနေရာတွေဖြစ်တဲ့ ကချင်ပြည်နယ် ရှမ်းပြည်မြောက်ပိုင်းတို့လို ဒေသတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့ တိုင်းရင်းသားဒေသတွေ မှာ ဖြစ်ပွားနေတဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို အထူး စိတ်ပူပါတယ်။ ဒါ့အပြင် ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်အတွင်း ကျူးလွန်သွားတဲ့ ပြစ်မှုတွေရဲ့ မူဝါဒတွေနဲ့ လက်တွေ့ဆောင်ရွက်မှုတွေကို အထက်က နေရာဒေကတွေမှာ ဆက်လက် ကျင့်သုံးနေမှာကို စိုးရိမ်ပါတယ်။ အခုစစ်ဖြစ်ပွားနေတဲ့နေရာတွေမှာ တိုက်ခိုက်နေတဲ့ စစ်သားတွေနဲ့ အရာရှိတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေကို အထူးသတိထားဖို့ လိုပါတယ်။ နိုင်ငံက တာဝန်ရှိအကြီးအကဲတွေအနေနဲ့လည်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းဟာ အခုလို မတရားပြုကျင့်ခံနေရတာတွေကို အသေးစိတ် စုံစမ်းထောက်လှမ်းနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့အစည်းဟာ ပြစ်မှုကျူးလွန်သူများရဲ့အခြားပြစ်မှုဆိုင်ရာတွေကိုလည်း ဖော်ထုတ်သွားဖို့ တာဝန်ယူပါတယ်။”

စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တာတွေကို မြန်မာစစ်တပ် အပြင် အတိုက်အခံ တိုင်းရင်းသား တပ်ဖွဲ့များ ကလည်း သတိပြုဆင်ခြင်သင့်တယ်လို့လည်း သုံးသပ်သွားပါတယ်။ ဒီအစီအရင်ခံစာဟာ ပြည်သူတွေရဲ့ တစ်ဖက်သတ် အသံသာဖြစ်တယ် လို့ မြန်မာ အစိုးရဖက်ကပြောဆိုပေမယ့် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ အရပ်သားတွေရဲ့အသံတွေ ခံစားချက်တွေကို လူအများသိရအောင် မှတ်တမ်းထုတ်ပြန်ပေးတာဖြစ်တယ်လို့ ပြောပြသွားပါတယ်။

XS
SM
MD
LG