သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် စီးပွားရေးနဲ့ အကျိုးဆက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားရေလုပ်ငန်းက ထွက်ကုန်တွေဟာ ကမ္ဘာတဝှမ်း ဈေးကွက်မှာ ဝင်ဆန့်တဲ့အထိ ကျယ်ပြန့်လာနေပေမဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေအတွက် ကျန်းမာရေးအရ ထိခိုက်တဲ့အထိ ဘေးကင်းလုံခြုံမှု မရှိပဲဖြစ်နေရပါတယ်။ ဒက္ကားမြို့တော်မှာ ဆိုရင်လည်း သားရေပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းက အဆိပ်အတောက် စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ အကြီးအကျယ် ဖြစ်ပွားနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ပတင်ပို့မှုမှာ အဓိကကျတဲ့ သားရေလုပ်ငန်းကြောင့် နောက်ဆက်တွဲ ပြဿနာတွေနဲ့ ကြုံနေရတဲ့ အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

နိုင်ငံခြားဝင်ငွေ အဓိက ရပေါက်ရလမ်း တခုအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သားရေပစ္စည်းတွေဟာ တရုတ်နဲ့ ဂျပန်လို ဒေသတွင်းအပြင်၊ အမေရိကန်နဲ့ ဥရောပတို့လို အနောက်နိုင်ငံ ဈေးကွက်တွေအထိ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သားရေလုပ်ငန်းက စွန့်ပစ်ဓာတုပစ္စည်းတွေကြောင့် အလုပ်သမားတွေ ကျန်းမာရေး ထိခိုက်နေရုံ သာမက မြစ်တွေ၊ ချောင်းတွေမှာလည်း အဆိပ်သင့်တဲ့ အဖြစ်နဲ့ ကြုံနေရတာပါ။ လေ့လာချက် တစ်ခုမှာဆိုရင်လည်း ဘင်္ဂလားဒေ့ရှ် သားရေလုပ်ငန်းက အလုပ်သမားတွေရဲ့ ၉၀% ဟာ ဓာတုဗေဒ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ရာက ပန်းနာရင်ကြပ်ကနေ ကင်ဆာရောဂါအထိ ဖြစ်ပွားနေတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒက္ကားမြို့တော်က သားရေ စက်ရုံမှာ ခြေဗလာ၊ လက်ဗလာနဲ့ ဓာတုဗေဒ ပစ္စည်းတွေကို နေ့တဓူ၀ ကိုင်တွယ် အလုပ်လုပ်နေရတဲ့ Mohammad Mokter Hossain ဟာ ဆိုရင်လည်း ချောင်းအဆက်မပြတ်ဆိုးတာ၊ အရေပြား ယားယံတာလို ရောဂါဝေဒနာ ခံစားနေရတာပါ။ နေထိုင်မကောင်းဖြစ်လို့ အလုပ်မဆင်းနိုင်ပဲ နားနေရတဲ့အထိ ဝေဒနာ ခံစားနေရသလို ဒီအလုပ် ဆက်လုပ်နေရင် သေလိမ့်မယ်လို့ ဆရာဝန်က သတိပေးထားတဲ့ အကြောင်းလည်း သူကပြောပါတယ်။

စက်မှုလုပ်ငန်းသုံး Chromium နဲ့ တခြားဓာတုပစ္စည်းတွေ အသုံးပြုပြီး သားရေတွေကို ပြုပြင်ရတဲ့ လုပ်ငန်းမှာ အလုပ်လုပ်ရင်း အရေပြားရောဂါ သက်သာအောင် ပုံမှန်ဆေးစားနေရတယ်လို့လည်း အသက် ၂၅ နှစ်အရွယ် Mokter Hossain ကပြောပါတယ်။
“လက်တွေ၊ ခြေထောက်တွေက တချိန်လုံးကို ယားနေတာပါ။ လက်သည်းကြားက အရေပြားတွေ ဆိုရင်လည်း တော်တော်ကို အခြေအနေ ဆိုးပါတယ်။ ဆံပင်တွေလည်း ကျွတ်ပါတယ်။ အခုဆိုရင် ကျနော့်မှာ ဓာတ်မတဲ့တဲ့ရောဂါ ရနေပြီး၊ ဒီလိုဖြစ်လာရင် ပိုပြီးဆိုးပါတယ်။”

ဒက္ကားမြို့တော်က သားရေစက်ရုံ ၂၀၀ လောက်မှာ ကျန်းမာရေး အထိခိုက်ခံပြီး အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၂၅,၀၀၀ လောက်ဟာ ဝင်ငွေအားဖြင့်ကတော့ လစဉ် အမေရိကန်ဒေါ်လာ ၅၀ လောက်သာ ရရှိကြတာပါ။ မကြာသေးခင် နှစ်တွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းတွေမှာ လူအသေအပျောက်တွေ ရှိခဲ့တဲ့အထိ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု မရှိခဲ့တာတွေကို နိုင်ငံတကာကပါ အာရုံစိုက်ခံခဲ့ရတာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာတုန်းက လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံ ပြိုကျမှု ဖြစ်ခဲ့ပြီး နောက်မှာလည်း နိုင်ငံတကာ လုပ်ငန်းတွေ အနေနဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်ရုံတွေမှာ အခြေအနေတွေ တိုးတက်အောင်လုပ်ဖို့ တရားဝင် ဖိအားပေး တောင်းဆိုမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

သားရေ လုပ်ငန်းကတော့ အထည်ချုပ် လုပ်ငန်းတွေထက် အန္တာရာယ် ကြီးမားလှပေမဲ့ အများက အာရုံစိုက် လောက်တဲ့အထိ မြင်သာထင်သာ မရှိတာကြောင့် တိုးတက်မှုရအောင် ဖိအားပေးတာမျိုး များများစားစား မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှေ့နေအသင်းက Rizwana Hasan ကပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သားရေလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပုံစံက ဥပဒေမဲ့ တိုင်းပြည်တခုလိုတောင် ပြောရမလို ဖြစ်နေပါတယ်။ နိုင်ငံရေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စီးပွားရေး အသိုင်းအဝိုင်းက မကျေနပ်တာမျိုး အစိုးရက မဖြစ်စေချင်ဘူးလေ။ မရိုးမသား လုပ်တာတွေလည်း ပါမှာပေါ့။”

သူနဲ့အတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက သားရေစက်ရုံတွေ ဒက္ကားမြို့အပြင် ပြောင်းရွှေ့ပေးဖို့နဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ဖျက်ဆီးဖို့ ဥပဒေဘောင်တွင်းက ကြိုးစားနေပေမဲ့ အောင်မြင်မှုတော့ မရသေးပါဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက သားရေလုပ်ငန်း အားလုံးရဲ့ ၉၀% ရှိတဲ့ Hazaribagh အရပ်ဟာ အခုအခါ စွန့်ပစ်ဓာတုပစ္စည်းတွေနဲ့ ညစ်ညမ်းနေတဲ့ ရေအိုင်တွေ၊ အမှိုက်ပုံတွေ၊ သားရေ အစအနတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတခုအဖြစ် တွေ့မြင်နေရတာပါ။ ဒီလို သားရေစက်ရုံတွေက အဆိပ်အတောက် ဓာတုပစ္စည်းတွေကြောင့် အလုပ်သမားတွေ သာမက ဒေသခံတွေလည်း ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးယောက်အခြေစိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့တခုရဲ့ လေ့လာချက်အရ ဒက္ကားမြို့တော်က Buriganga မြစ်ကမ်းဘေးမှာ နေထိုင်သူတွေ အပါအဝင် သားရေစက်ရုံတွေရှိရာ အရပ်မှာ နေထိုင်သူ လူပေါင်း ၂ သိန်းနီးပါး ရှိမယ်လို့ ခန့်မှန်းထားတာပါ။ ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနရဲ့ အချက်အလက်တွေအရ ဆိုရင်လည်း ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ Chromium အပါအဝင် ဓာတုပစ္စည်း ပမာဏ ကုဗလီတာ ၂၂ သန်းလောက်ကိုလည်း ဒက္ကားမြို့တော်က Buriganga မြစ်ထဲကို နေ့စဉ် စွန့်ပစ်နေတာ ဖြစ်ပါတယ်။

အန္တာရာယ် ကြီးမားလှတဲ့ လုပ်ငန်းခွင် အခြေအနေတွေနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ကြီးကြီးမားမား ရှိနေဆဲ ဆိုပေမဲ့လည်း ဈေးသက်သာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက သားရေပစ္စည်းတွေကို ဝယ်လိုအားကတော့ အားကောင်းနေဆဲပါ။ အထူးသဖြင့် မကြာသေးခင် နှစ်တွေအတွင်း တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှု စရိတ်တွေ တိုးမြင့်လာရာက နိုင်ငံတကာ လက်လီလုပ်ငန်းတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်လို လုပ်အားခ သက်သာတဲ့ ဈေးကွက်တွေက ပိုမိုဝယ်ယူ လာကြတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတကာ ဈေးကွက်မှာ ရေရှည် နေရာယူနိုင်ဖို့ အတွက် ဈေးပေါပေါနဲ့ ထုတ်နိုင်ဖို့ တခုတည်းကို အာရုံစိုက်နေလို့ မဖြစ်နိုင်ဘူးလို့ ပြည်ပကို ဖိနပ်တွေ တင်ပို့နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Apex Adelchi ရဲ့ ညွှန်ကြားရေးမှူး Sayed Nasim Manzur ကသတိပေးပါတယ်။
“ဈေးသက်သာဖို့ကလွဲလို့ တခြားဘာကိုမှ ဂရုမစိုက်တဲ့ လူတွေနဲ့ လိုက်ပြိုင်နေလို့ မဖြစ်ပါဘူး။ ဒီလိုအဆင့်မျိုးမှာတောင် ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ပတ်သက်လို့ သတိထားမိ လာကြတဲ့ ဝယ်သူတွေ တော်တော်များ ရှိပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ်ရဲ့ သားရေလုပ်ငန်းမှာ ရေရှည်အကျိုးအတွက်၊ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေကို စံချိန်မီမီနဲ့ တိုးတက်လာအောင် လက်တွဲ ဆောင်ရွက်သွားနိုင်မယ့် ဝယ်သူတွေကို ဆွဲဆောင်ရလိမ့်မယ်လို့လည်း ယူဆပါတယ်။”

ဖိနပ်၊ လက်ကိုင်အိတ် စတဲ့ သားရေ ပစ္စည်းတွေကို နိုင်ငံတကာ လက်လီလုပ်ငန်းတွေကို ရောင်းချနေရာက ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နှစ်စဉ် ဒေါ်လာသန်း ၅၀၀ လောက်အထိ ပြည်ပဝင်ငွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ဆိုရင်လည်း သားရေပစ္စည်းတွေ ပြည်ပတင်ပို့မှုဟာ အရင်တနှစ်ကနဲ့ယှဉ်ရင် ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ကုန်ပိုင်း အထိ ၆ လအတွင်း ၃၅% အထိ တိုးတက်ခဲ့တဲ့အကြောင်း ဖော်ပြခဲ့တာပါ။ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး တိုင်းပြည်တခု ဖြစ်နေဆဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူအများစုက စိုက်ပျိုးရေးနဲ့ အသက်မွေးကြပေမဲ့ အထည်ချုပ် လုပ်ငန်းကတော့ ပြည်ပဝင်ငွေ စုစုပေါင်းရဲ့ ၉၀% အထိ ရှိပါတယ်။

ဒါပေမဲ့လည်း အကျင့်ပျက် ခြစားမှုတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးမှာ အတားအဆီးတွေအဖြစ် ရှိနေဆဲ ဖြစ်သလို၊ အလုပ်သမား ဈေးကွက်ဟာ ဖွံ့ဖြိုးမှုမရှိသေးပဲ၊ အလုပ်သမား အခွင့်အရေး အကာအကွယ်ပေးမှုတွေမှာ အားနည်းနေဆဲ ဖြစ်တဲ့အကြောင်း ဝါရှင်တန်အခြေစိုက် Heritage Foundation နဲ့ Wall Street Journal တို့ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာတဝှမ်း စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်း ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။ စွန့်ဦးတီထွင် လုပ်ကိုင်လိုသူတွေ၊ စီးပွားရေး ဖွံ့ဖြိုးဖို့ ကြိုးပမ်းမှုတွေဟာလည်း ကြိုးနီစနစ်တွေကြောင့် တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့လည်း ပြောပါတယ်။

ကမ္ဘာတဝှမ်း စီးပွားရေး လွတ်လပ်ခွင့် အဆင့်မှာတော့ နိုင်ငံပေါင်း ၁၇၈ နိုင်ငံအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ လွတ်လပ်ခွင့် အသင့်အတင့်ရှိတဲ့ တိုင်းပြည်အဖြစ် အဆင့် ၁၃၁ မှာ စာရင်းသွင်းခံခဲ့ရတာပါ။ ဒါဟာလည်း အရင်တနှစ်ကထက်စာရင် တမှတ်ခွဲ တိုးလာသလို၊ အညွှန်းကိန်း ပြုစုခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း စုစုပေါင်း ၁၀ မှတ်အထိ တိုးတက်လာခဲ့တာလို့လည်း Heritage Foundation နဲ့ Wall Street Journal တို့ရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာတဝှမ်း စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်း ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG