သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ မြန်မာပြည် သွားမည်


IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Christine Lagarde။
IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Christine Lagarde။
IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Christine Lagarde ဟာ ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂ ရက်ကနေ ၇ ရက်နေ့အထိ ကမ္ဘောဒီးယား၊ ကိုရီးယားနဲ့ မြန်မာနိုင်ငံတွေကို IMF အကြီးအကဲ သွားရောက်မယ်ဆိုတာကို IMF က အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကမ္ဘာ့စီးပွားရေးမှာ နံပါတ် ၁၃ မြောက် အင်အားအကြီးဆုံး တောင်ကိုရီးယား၊ စီးပွားရေးတိုးတက်ဖို့ အလားအလာတွေရှိနေတဲ့ ကမ္ဘောဒီးယားနဲ့ မရေမတွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနေတဲ့ မြန်မာနိုင်ငံတို့ဆီကို IMF အမှုဆောင် ညွှန်ကြားရေးမှူးတယောက်အနေနဲ့ သွားဖို့ အင်မတန်မှ စိတ်အားထက်သန်နေတယ်လို့ Ms. Lagarde က ပြောတာကို ကြေညာချက်မှာ ကိုးကားဖော်ပြထားပါတယ်။

၃ နိုင်ငံခရီးစဉ်မှာ နောက်ဆုံးအဖြစ် မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သွားပါလိမ့်မယ်။ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်မယ့် IMF အကြီးအကဲ Christine Lagarde ဟာ ဒုသမ္မတ ဦးဉာဏ်ထွန်း၊ အခွန်ဘဏ္ဍာဝန်ကြီး ဦးဝင်းစိန်၊ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး စီးပွားရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးဆွေးနွေးမယ့် မြန်မာအမျိုးသမီးများ ဆွေးနွေးပွဲကိုလည်း တက်ရောက် ပါဝင်ပါလိမ့်မယ်။ ဒါ့အပြင် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေကို မိန့်ခွန်းပြောကြားမယ်လို့ IMF ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG