သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ကိုယ္ခံအားဆိုင္ရာ တြဲဖက္ပါဝင္စာ


The fresh fruits and vegetables on the Fresh Stop bus, a mobile market, in Eatonville, Florida.

ကိုဗစ္နဲ႔တုပ္ေကြးကာလအတြင္းမွာ ကိုယ္ခံအားေကာင္းဖို႔ ဟင္းအႏွစ္နဲ႔ သြားရည္စာတခ်ဳိ ႔အတြက္လည္း အာဟာရရွိတာေတြ တြဲဖက္ပါဝင္သင့္တယ္လို႔ အာဟာရပညာရွင္ေတြက အႀကံျပဳတိုက္တြန္းပါတယ္။

ဟင္းအႏွစ္ အရသာေကာင္းဖို႔အတြက္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ စပါးလင္၊ နံနံပင္၊ ပင္စိမ္း၊ ရွမ္းနံနံ၊ ဆႏြင္းမႈန႔္၊ ျငဳပ္ေကာင္းမႈန႔္၊ သစ္ၾကားပိုးမႈန႔္ စတာေတြကို အဓိကသုံးစြဲသင့္ပါတယ္။ ဒါေပမဲ့ လက္ေတြ႔ျပႆနာက အဆီ၊ အငံ၊ အခ်ိဳဓာတ္မ်ားၿပီး အာဟာရနည္းတဲ့ ခ႐ုဆီ၊ ငံျပာရည္၊ ဟင္းခ်ိဳမႈန႔္၊ ၾကက္သားမႈန႔္၊ အရသာမႈန႔္ စတာေတြကိုသာ အဓိကသုံးစြဲေနၾကပါတယ္။ ဒီအရသာျပင္းတာေတြ စားက်င့္ရၿပီး၊ က်န္းမာေရးေကာင္းတဲ့ အရသာအလယ္အလတ္အဆင့္ကို လွ်ာကမတိုးေတာ့သလို ျဖစ္လာေနပါတယ္။ အက်ိဳးဆက္ကေတာ့ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ ေက်ာက္ကပ္၊ ကင္ဆာ စတဲ့ ေခတ္ေပၚေရာဂါမ်ိဳးစုံ တိုးလာေနတာပါ။

ဒါ့အျပင္ ထမင္းဟင္းနဲ႔ တြဲစားေလ့ရွိတဲ့ အရည္အတြက္လည္း ေရသန႔္က အေကာင္းဆုံးပါ။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ အေသာက္မ်ားတဲ့ ေရေႏြးၾကမ္း၊ လၻက္ရည္၊ ေကာ္ဖီ (ေကာ္ဖီ Mix နဲ႔ Tea Mix အသင့္သုံး အထုပ္ေတြအပါအဝင္) ေတြကို ထမင္းစားခ်ိန္ တပါတည္းတြဲေသာက္တာမို႔ ပါဝင္ေနတဲ့ ကဖင္း (Caffeine) ဓာတ္ေၾကာင့္ သံဓာတ္ပါတဲ့ အာဟာရဓာတ္ေတြနဲ႔ တြဲစားလွ်င္ ဒီသံဓာတ္ကို မစုပ္ႏိုင္ေတာ့ဘဲ သံဓာတ္ခ်ဳိ ႔တဲ့မႈေတြ ျဖစ္ေနပါတယ္။ သံဓာတ္က ေသြးလွည့္ပတ္မႈ၊ ဦးေႏွာက္နဲ႔ ကိုယ္ခံအားအတြက္ အထူးအေရးပါတာမို႔ အခုလိုမျဖစ္ေအာင္ ေရေႏြးၾကမ္း၊ လၻက္ရည္နဲ႔ ေကာ္ဖီကို ထမင္းနဲ႔ တြဲမေသာက္မစားဘဲ၊ ထမင္းစားၿပီး (အနည္းဆုံး ၃၀-၄၅ မိနစ္ၾကာ) မွ ေသာက္သင့္ပါတယ္။ ဒါ့အျပင္ အခ်ိဳရည္ေတြလည္း ထူးထူးေထြေထြ ေသာက္စရာမလိုပါဘူး။ အာဟာရဓာတ္ႀကီး တစ္ခုျဖစ္တဲ့ ေရအတြက္ေတာ့ လုံေလာက္ေအာင္ ၃ လီတာ ၄ လီတာ (ေရသန႔္ဗူးႀကီး ၃-၄ လုံးစာ) ေသာက္ေပးသင့္ပါတယ္။ အလားတူ လၻက္သုတ္ကို ထမင္းနဲ႔တြဲစားတာ (လၻက္ထမင္း) မွာလည္း သံဓာတ္ပါတဲ့ (အသား၊ ငါး၊ ပဲမ်ိဳးစုံ အသီးအ႐ြက္) စတာေတြနဲ႔ တြဲမစားဘဲ၊ ေျမပဲေစ့၊ ပဲပုပ္ေစ့၊ ႏွမ္းေစ့၊ ေနၾကာေစ့၊ ခရမ္းခ်ဥ္သီး စတာေတြထည့္ၿပီး သုပ္စားသင့္ပါတယ္။

တခ်ိန္ထဲမွာ ထမင္းစားၿပီး အခ်ိဳပြဲ (သို႔မဟုတ္) တခ်ဳိ ႔သြားရည္စာ (Snack) မ်ိဳး စားရာမွာလည္း အသင့္စား သစ္သီးေျခာက္ထုပ္ေတြကို သတိထားစားသင့္ပါတယ္။ အေၾကာင္းက ဒီအထုပ္ေတြမွာ ေရးထားသလို အာဟာရဓာတ္ေတြ တကယ္တမ္း မပါတာကို စစ္ေဆးေတြ႔ရွိထားလို႔ပါ။ ဒါေၾကာင့္ ရာသီေပၚ လတ္ဆတ္ၿပီး အမွ်င္မ်ားတဲ့ သစ္သီး (သရက္သီး၊ နာနတ္သီး၊ ကၽြဲေကာသီး၊ လိုက္ခ်ီးသီး၊ ကနစိုးသီး၊ နဂါးေမာက္သီး၊ ဖရဲသီး၊ လိေမၼာ္သီး၊ ဒူးရင္းသီး စတာ) ေတြကိုသာ လတ္လတ္ဆတ္ဆတ္ အဓိက စားသင့္ပါတယ္။ ဒီအသီးေတြကို ကိုယ္တိုင္ အေျခာက္လွမ္းတာ၊ အႏွစ္တိုက္တာ (Puree) လုပ္တတ္လွ်င္လည္း လုပ္ၿပီး စားႏိုင္ပါတယ္။

ဒါေပမဲ့ အသီးတခ်ဳိ ႔အျပင္ အ႐ြက္တခ်ဳိ ႔ကိုပါ အမ်ားႀကီး မစားမိေစဘဲ၊ ထိန္းစားသင့္သူေတြလည္း ရွိပါတယ္၊ ေရာဂါအခံ (ႏွလုံး၊ ေက်ာက္ကပ္၊ ဆီးခ်ိဳ ေသြးတိုး၊ ေဂါက္ အဆစ္အျမစ္ေရာင္၊ ေလးဖက္နာ ေရာဂါ စတာေတြ) ရွိၿပီး ေဆးေသာက္ေနရသူေတြပါ။ သူတို႔အေနနဲ႔ ဒီေသာက္ေနရတဲ့ေဆးနဲ႔ ထိန္းညႇိၿပီးစားဖို႔ သက္ဆိုင္ရာ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ ဥပမာအားျဖင့္ ေဂါက္ (Gout) ေရာဂါနဲ႔ ေလးဖက္နာေရာဂါ ရွိသူေတြအတြက္ ယူရစ္အက္ဆစ္ (Uric Acid) မ်ားေစႏိုင္တဲ့ Purine မ်ားတာ (မႈိ၊ မွ်စ္၊ ကၫႊတ္၊ ပဲတီပင္ေပါက္ စတာ) ေတြနဲ႔ Fructose သၾကားအခ်ိဳဓာတ္မ်ားတဲ့ အသီး (သရက္သီး၊ စပ်စ္သီး စတာ) ေတြကို သတိထားၿပီး၊ ေရွာင္သင့္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Cornell တကၠသိုလ္က အျပည္ျပည္ဆိုင္ရာ အစာအာဟာရဆိုင္ရာ ပါေမာကၡ ေဒါက္တာခင္မာခ်ိဳ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==== Unicode ====

ကိုဗစ်နဲ့တုပ်ကွေးကာလအတွင်းမှာ ကိုယ်ခံအားကောင်းဖို့ ဟင်းအနှစ်နဲ့ သွားရည်စာတချို့အတွက်လည်း အာဟာရရှိတာတွေ တွဲဖက်ပါဝင်သင့်တယ်လို့ အာဟာရပညာရှင်တွေက အကြံပြုတိုက်တွန်းပါတယ်။

ဟင်းအနှစ် အရသာကောင်းဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ နံနံပင်၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ဆနွင်းမှုန့်၊ ငြုပ်ကောင်းမှုန့်၊ သစ်ကြားပိုးမှုန့် စတာတွေကို အဓိကသုံးစွဲသင့်ပါတယ်။ ဒါပေမဲ့ လက်တွေ့ပြဿနာက အဆီ၊ အငံ၊ အချိုဓာတ်များပြီး အာဟာရနည်းတဲ့ ခရုဆီ၊ ငံပြာရည်၊ ဟင်းချိုမှုန့်၊ ကြက်သားမှုန့်၊ အရသာမှုန့် စတာတွေကိုသာ အဓိကသုံးစွဲနေကြပါတယ်။ ဒီအရသာပြင်းတာတွေ စားကျင့်ရပြီး၊ ကျန်းမာရေးကောင်းတဲ့ အရသာအလယ်အလတ်အဆင့်ကို လျှာကမတိုးတော့သလို ဖြစ်လာနေပါတယ်။ အကျိုးဆက်ကတော့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာ စတဲ့ ခေတ်ပေါ်ရောဂါမျိုးစုံ တိုးလာနေတာပါ။

ဒါ့အပြင် ထမင်းဟင်းနဲ့ တွဲစားလေ့ရှိတဲ့ အရည်အတွက်လည်း ရေသန့်က အကောင်းဆုံးပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အသောက်များတဲ့ ရေနွေးကြမ်း၊ လ္ဘက်ရည်၊ ကော်ဖီ (ကော်ဖီ Mix နဲ့ Tea Mix အသင့်သုံး အထုပ်တွေအပါအဝင်) တွေကို ထမင်းစားချိန် တပါတည်းတွဲသောက်တာမို့ ပါဝင်နေတဲ့ ကဖင်း (Caffeine) ဓာတ်ကြောင့် သံဓာတ်ပါတဲ့ အာဟာရဓာတ်တွေနဲ့ တွဲစားလျှင် ဒီသံဓာတ်ကို မစုပ်နိုင်တော့ဘဲ သံဓာတ်ချို့တဲ့မှုတွေ ဖြစ်နေပါတယ်။ သံဓာတ်က သွေးလှည့်ပတ်မှု၊ ဦးနှောက်နဲ့ ကိုယ်ခံအားအတွက် အထူးအရေးပါတာမို့ အခုလိုမဖြစ်အောင် ရေနွေးကြမ်း၊ လ္ဘက်ရည်နဲ့ ကော်ဖီကို ထမင်းနဲ့ တွဲမသောက်မစားဘဲ၊ ထမင်းစားပြီး (အနည်းဆုံး ၃၀-၄၅ မိနစ်ကြာ) မှ သောက်သင့်ပါတယ်။ ဒါ့အပြင် အချိုရည်တွေလည်း ထူးထူးထွေထွေ သောက်စရာမလိုပါဘူး။ အာဟာရဓာတ်ကြီး တစ်ခုဖြစ်တဲ့ ရေအတွက်တော့ လုံလောက်အောင် ၃ လီတာ ၄ လီတာ (ရေသန့်ဗူးကြီး ၃-၄ လုံးစာ) သောက်ပေးသင့်ပါတယ်။ အလားတူ လ္ဘက်သုတ်ကို ထမင်းနဲ့တွဲစားတာ (လ္ဘက်ထမင်း) မှာလည်း သံဓာတ်ပါတဲ့ (အသား၊ ငါး၊ ပဲမျိုးစုံ အသီးအရွက်) စတာတွေနဲ့ တွဲမစားဘဲ၊ မြေပဲစေ့၊ ပဲပုပ်စေ့၊ နှမ်းစေ့၊ နေကြာစေ့၊ ခရမ်းချဉ်သီး စတာတွေထည့်ပြီး သုပ်စားသင့်ပါတယ်။

တချိန်ထဲမှာ ထမင်းစားပြီး အချိုပွဲ (သို့မဟုတ်) တချို့သွားရည်စာ (Snack) မျိုး စားရာမှာလည်း အသင့်စား သစ်သီးခြောက်ထုပ်တွေကို သတိထားစားသင့်ပါတယ်။ အကြောင်းက ဒီအထုပ်တွေမှာ ရေးထားသလို အာဟာရဓာတ်တွေ တကယ်တမ်း မပါတာကို စစ်ဆေးတွေ့ရှိထားလို့ပါ။ ဒါကြောင့် ရာသီပေါ် လတ်ဆတ်ပြီး အမျှင်များတဲ့ သစ်သီး (သရက်သီး၊ နာနတ်သီး၊ ကျွဲကောသီး၊ လိုက်ချီးသီး၊ ကနစိုးသီး၊ နဂါးမောက်သီး၊ ဖရဲသီး၊ လိမ္မော်သီး၊ ဒူးရင်းသီး စတာ) တွေကိုသာ လတ်လတ်ဆတ်ဆတ် အဓိက စားသင့်ပါတယ်။ ဒီအသီးတွေကို ကိုယ်တိုင် အခြောက်လှမ်းတာ၊ အနှစ်တိုက်တာ (Puree) လုပ်တတ်လျှင်လည်း လုပ်ပြီး စားနိုင်ပါတယ်။

ဒါပေမဲ့ အသီးတချို့အပြင် အရွက်တချို့ကိုပါ အများကြီး မစားမိစေဘဲ၊ ထိန်းစားသင့်သူတွေလည်း ရှိပါတယ်၊ ရောဂါအခံ (နှလုံး၊ ကျောက်ကပ်၊ ဆီးချို သွေးတိုး၊ ဂေါက် အဆစ်အမြစ်ရောင်၊ လေးဖက်နာ ရောဂါ စတာတွေ) ရှိပြီး ဆေးသောက်နေရသူတွေပါ။ သူတို့အနေနဲ့ ဒီသောက်နေရတဲ့ဆေးနဲ့ ထိန်းညှိပြီးစားဖို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဥပမာအားဖြင့် ဂေါက် (Gout) ရောဂါနဲ့ လေးဖက်နာရောဂါ ရှိသူတွေအတွက် ယူရစ်အက်ဆစ် (Uric Acid) များစေနိုင်တဲ့ Purine များတာ (မှို၊ မျှစ်၊ ကညွှတ်၊ ပဲတီပင်ပေါက် စတာ) တွေနဲ့ Fructose သကြားအချိုဓာတ်များတဲ့ အသီး (သရက်သီး၊ စပျစ်သီး စတာ) တွေကို သတိထားပြီး၊ ရှောင်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG