သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးရောဂါကြောင့် အသက်မဆုံးရေး


ကမ္ဘာပေါ်မှာ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေကြောင့် လူတွေအများဆုံး အသက်ဆုံးရှုံးနေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထားပါတယ်။

အခုလို သေဆုံးမှု့ ဖြစ်စေနိုင်တဲ့ နှလုံးနဲ့ သွေးကြောရောဂါတွေထဲက တခုဖြစ်တဲ့ နှလုံးအဓိက သွေးကြောကြီး (Coronary Artery) ပုံမှန်မဟုတ်ဘဲ ဖောင်းလာတာကို ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် ရင်ခေါင်းဖွင့် ခွဲစိတ်ကုသစရာမလိုဘဲ အောင်မြင်စွာ ကုသပေးနိုင်လိုက်နိုင်တာကို အမေရိကန် နှလုံးကုဆရာဝန်များအသင်းဂျာနယ် (American Heart Association Journal – Circulation Intervention) မှာ ဖေဖေါ်ဝါရီလက ဖော်ပြလိုက်ပါတယ်။

အမေရိကန်နိုင်ငံ အဆင့်မြင့်ဆေးရုံကြီးတခုက နှလုံးအထူးကု မြန်မာဆရာဝန် ဒေါက်တာထွဋ်ကျော်ဝင်း ဦးဆောင်ခဲ့တဲ့ ဒီ ကုသမှု့သစ်ကြောင့် ဒီသွေးကြောဖောင်းရောဂါ (Coronary Aneurysm) မှာ အထူးသဖြင့် ရင်ခေါင်းဖွင့်ခွဲတဲ့ကုသမှု့ ခံယူလို့မရနိုင်သူတွေအတွက် သတင်းကောင်းတရပ်ဖြစ်သလို၊ မြန်မာပြည်အတွက်လည်း ဂုဏ်ယူစရာ ဖြစ်ပါတယ်။

ဒီသွေးကြောဖောင်း ရောဂါအပါအဝင် နှလုံးသွေးကြောပိတ်တာတွေ အားလုံးကြောင့် သေနှုန်းနဲ့ နှလုံးဒဏ်ရာရနှုန်းတွေ ကျဆင်းသွားရအောင် တဖြည်ဖြည်းခြင်း သွေးကြောထဲနုံးတင်သလို ဖြစ်လာတဲ့ ရောဂါ (Stable Angina) လက္ခဏာတွေ ပြလာချိန်မှာ ဆေးစစ်ကုသမှု့ စတင် ခံယူဖို့ အရေးကြီးပါတယ်။
တကယ်လို့ ဒီကနဦးအဆင့်မှာ မကာကွယ်နိုင်ဘဲ၊ နှလုံးသွေးကြောပိတ်လိုက်၊ ပွင့်လိုက်ဖြစ်တဲ့အဆင့် (Unstable Angina) ကို ရောက်လာရင်လည်း ဒီအဆင့် လက္ခဏာတွေပြလာရင် ဆရာဝန်အမြန်ပြဆေးစစ်ပြီး၊ သွေးကြောပိတ်တဲ့ ပမာဏအဆင့်အလိုက် ဆေးစားတာ (သို့မဟုတ်) ရင်ခေါင်းဖွင့် ခွဲကုစရာမလိုတဲ့ သွေးကြောဖွင့် ဆေးပစ္စည်းထည့် ကုသတဲ့နည်းနဲ့၊ ပုံမှန်လူတယောက်လို ဆက်ရှင်သန်နေထိုင်သွားနိုင်အောင် ကုသကာကွယ် ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာက ရောဂါအခံရှိသွားပြီမို့ ရောဂါပိုဆိုး မသွားအောင် အရေးကြီးတဲ့ နေပုံထိုင်ပုံပြောင်းဖို့ ဥပမာ ဆေးလိပ်ဖြတ်လိုက်ဖို့တော့ လိုပါတယ်။

အခုလို ဆေးလိပ်ဖြတ်တာအပြင် အခြားကာကွယ်နိုင်တာတွေကိုလည်း ဆရာဝန်အကြံပေးတဲ့အတိုင်း၊ ဥပမာ သတ်သတ်မှတ်မှတ် အစာတွေရှောင်တာ၊ အားကစား လိုက်စားတာနဲ့၊ နှလုံးရောဂါမျိုးရိုး ရှိထားသူတွေအတွက်တော့ ကာကွယ်ဆေးစားတာတွေ လုပ်ပေးဖို့လိုပါတယ်။

အခုလို ကာကွယ်ကုသမှု့တွေ လုပ်ခြင်းအားဖြင့် နှလုံးသွေးကြော လုံးဝပိတ်သွားပြီး သေစေနိုင်တဲ့ (သို့) နှလုံးပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တဲ့ အပြင်းထန်ဆုံးအဆင့်ကို မရောက်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ လုံးဝပိတ်တဲ့ အဆင့်ရောက်သွားရင်က အချိန်လုပြီး သွေးကြော အမြန်ပြန်ဖွင့်ပေးဖို့ အရေးပေါ်လုပ်ရတာဖြစ်ပြီး၊ ၁၂ နာရီအတွင်း မဖွင့်ပေးနိုင်ပါက တိမ်းပါးသွားတာ၊ နှလုံးပျက်သွားတာ ဖြစ်စေနိုင်ပါတယ်။

အခုလို အဆိုးဆုံးအဆင့် မရောက်အောင် ကာကွယ်ကုသနိုင်တာတွေသိရဖို့ မြန်မာနိုင်ငံမှာ ဆေးကျောင်းပြီးခဲ့ပြီး၊ အမေရိကန်နိုင်ငံ Houston မြို့ Methodist DeBakey Heart & Vascular Center ဆေးရုံမှာ အလုပ်လုပ်နေတဲ့ နှလုံးကုထုံးသစ် ခွဲစိတ်အထူးကု (Interventional Cardiologist) ဒေါက်တာထွဋ်ကျော်ဝင်းကို မေးမြန်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

XS
SM
MD
LG