သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်သက်ရောဂါ


Measles (ခေါ်) ဝက်သက်ရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကလေးတွေမှာ အဖြစ်များပြီး၊ နှာစီးချောင်းဆိုးတာမျိုးကနေ လွယ်လွယ်လေး ကူးနိုင်တဲ့အပြင်၊ ရောဂါဖြစ်လာပြီဆိုရင်လည်း အသက်အန္တရာယ် ထိခိုက်နိုင်လောက်အောင် ပြင်းထန်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီရောဂါအတွက် ကာကွယ်ဆေးထိုးပေးရုံနဲ့ လွယ်လွယ်လေးပဲ ကာကွယ်ပေးနိုင်ပါတယ်။

အခုလို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ ဝက်သက်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ဒီတပတ် ကြာသာပတေးနေ့ မတ်လ (၂၂) ရက်ကနေကစပြီး မတ်လကုန် (၃၁) ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့ရွာတွေမှာ UNICEF ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ နဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က ဦးဆောင် လုပ်ဆောင်ပေးသွားမှာပါ။

နေ့စဉ်ဆေးထိုးချိန်က ပုံမှန်အားဖြင့် မနက် ၇:၃၀ ကနေ လိုအပ်သလို ညနေပိုင်းအထိဖြစ်ပြီး၊ ထိုးပေးမဲ့နေရာတွေကတော့ ယေဘုယျအားဖြင့် ဥပမာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန (သို့) ဌာနခွဲ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေမှာ ပြင်ဆင်ထားပါတယ်။

ဒါကြောင့် ဒီဝက်သက်ရောဂါ ကာကွယ်ဆေးအတွက် အသက် (၉) လကနေ (၅) နှစ်အတွင်း ကလေးတွေအားလုံး အချိန်မှီ ထိုးကြဖို့ အထူးအရေးကြီးပါတယ်။ အစောပိုင်း ပထမတခေါက် ကာကွယ်ဆေးထိုးထားခဲ့ပြီးတဲ့ ကလေးတွေလည်း ဒုတိယ တခေါက် ထပ်ထိုးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမတကြိမ်ထိုးရုံနဲ့ ပြည့်ပြည့်ဝဝ ထိရောက်အောင် မကာကွယ်နိုင်လို့ပါ။

အခုလို ကာကွယ်ဆေးထိုးတဲ့ကြားက ဒီရောဂါဖြစ်လာခဲ့ရင်တောင်မှ ရောဂါလက္ခဏာတွေ သိထားပြီး ဒီလက္ခဏာတွေပြလာရင် အမြန်ဆုံး ဆေးရုံဆေးခန်း ပြခြင်းအားဖြင့်လည်း ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒီအကြောင်းအသေးစိတ်ကို UNICEF အဖွဲ့က ကလေးကာကွယ်ဆေးထိုးရေးဆိုင်ရာ တာဝန်ရှိသူ ဒေါက်တာတင်ထွဋ် ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG