လိင်အင်္ဂါ ရေယုံရောဂါရှိသူ အများစုက ဒီရောဂါ သူတို့မှာရှိနေတာကိုတောင် မသိကြပါဘူး။ ပြီးတော့ ဒီရောဂါရှိထားတယ်လို့ သိထားပြီးသူ အတော်များများကြပြန်တော့လဲ လိင်အင်္ဂါမှာ အနာဖြစ်မှသာ သူတို့ရဲ့ လိင်ဆက်ဆံရေးဖက်တွေကို ကူးနိုင်တယ်လို့ မှားယွင်းစွာ ယူဆထားကြပါတယ်။
လေ့လာမှု့အသစ်တခုထဲမှာတော့ ဒီဗိုင်းရပ်(စ်)ပိုး ကူးစက်တာဟာ အခုလို ထင်မြင်ယူဆထားကြတာထက် အများကြီး ပိုလွယ်တယ်လို့ တွေ့ရှိထားပါတယ်။ ဒါကြောင့်မို့ လိင်ဆက်ဆံမှု့များတဲ့ သူတွေအနေနဲ့ ဒီလိင်အင်္ဂါ ရေယုံရောဂါ ရှိမရှိကို စစ်ဆေးသင့်တယ်လို့ ဒီတွေ့ရှိချက်ကပဲ အကြံပြုထားပါတယ်။
ဒီရောဂါကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆိုးဝါးတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်စေနိုင်တာအပြင်၊ AIDS ရောဂါကို ဖြစ်စေတဲ့ HIV ဗိုင်းရပ်(စ်)ပိုး ကူးစက်ခံရဖို့လည်း ပိုများသွားပါတယ်။
ဒီအကြောင်းတွေကို VOA သတင်းထောက် ကယ်ရို ပီယာစန် (Carol Pearson)က ပေးပို့ထားတာနဲ့ ဒီအကြောင်း အတွေ့အကြုံရှိထားတဲ့ မြန်မာဆရာဝန် ဒေါက်တာမြင့်ဦး ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။