သွေးအားနည်းတယ်ဆိုတာက ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ လှုပ်ရှားအလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ် သယ်ပေးတဲ့ သွေးနီဥ အရေအတွက် နည်းသွားတာကို ဆိုလိုတာပါ။
ဒီကလေးငယ်တွေမှာ အဓိက သွေးအားနည်းရတာကတော့ သွေးနီဥ ထုတ်လုပ်ပေးရာမှာ လိုအပ်တဲ့ အာဟာရဓာတ်တမျိုးဖြစ်တဲ့ သံဓာတ်ချို့ တဲ့ကြလို့ပါ။
ကမ္ဘာပေါ်က လူပေါင်း သန်း (၂၀၀၀) မှာ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင်နဲ့ သံဓာတ် အပါအဝင် သတ္ထုဓါတ်တွေချို့ တဲ့တာ ခံနေကြရာမှာ ကလေးတွေကတော့ ဒီဒဏ်ကို ခံရဖို့ အနုနယ်ဆုံးပါ။
ဒါပေမဲ့ မကြာသေးခင် နှစ်တွေက စပေါ်လာတဲ့ သံဓာတ်နဲ့ အခြားအာဟာရဓာတ်မျိုးစုံပါတဲ့ အားဆေးမှုန့် သုံးတာကြောင့် ဒီ သွေးအားနည်းတာကို အများကြီးလျော့ချနိုင်ကြောင်း အသစ်တွေ့ရှိလိုက်ပါပြီ။
ဘယ်လိုတွေ့ရှိတာပါလဲ။ ဒီသံဓာတ်နည်းတာ မြန်မာနိုင်ငံမှာ ဘာကြောင့်ဖြစ်ရပြီး၊ သွေးအားနည်းလာရင် ဘာလက္ခဏာတွေပြတတ်ပါလဲ။ နောက် ဘယ်လိုဆိုးကျိုးတွေရော ဖြစ်စေနိုင်ပါလဲ။
အားဆေးမှုန့်အပြင် သံဓာတ်ပါတဲ့ အစားအစာတွေရွေးစားခြင်းဖြင့်ရော ကာကွယ်လို့ ရနိုင်ပါလား။
ဒီအကြောင်းတွေကို VOA သတင်းထောက် Art Chimes သတင်းပို့ထားတာ နဲ့ မြန်မာနိုင်ငံမှာ ဒီဆေးမှုန့်ဖြန့်ဖြူးပေးတဲ့ UNICEF ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့မှာ လုပ်ခဲ့တဲ့ ဒေါက်တာမြင့်ဦး ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။