မြန်မာနိုင်ငံမှာ စွန့်ပစ်ခံရင်ခွင်မဲ့ ကလေးငယ်တွေ သိသိသာသာများလာနေတာမို့၊ လျှော့ချနိုင်ရေး အရေးတကြီး လုပ်ဆောင်ဖို့ လိုနေပြီလို့၊ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။
စွန့်ပစ်ခံရတဲ့ ရင်ခွင်မဲ့ကလေးငယ်တွေ များလာခြင်း အဓိက အကြောင်းရင်းကတော့ ကလေးမလိုချင်သေးတဲ့အချိန်၊ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးချိန်မှာ ကိုယ်ဝန်ရသွားတာကြောင့် ဖြစ်ပါတယ်။ ဒီအပြင် မြန်မာနိုင်ငံရဲ့ တချို့ ဒေသတွေမှာလည်း စစ်ပွဲတွေကြောင့် မိဘတွေဆုံးပါးသွားပြီး ရင်ခွင်မဲ့ဖြစ်ရတာ၊ မိဘတွေ မူးယစ်ဆေးစွဲပြီး ကလေးတွေကို စွန့်ပစ်တာနဲ့၊ တခါတရံ နာဂစ်မုန်တိုင်းလို သဘာဝဘေးဒဏ်ကြီးတွေကြောင့် မိဘတွေသေဆုံးကာ ရင်ခွင်မဲ့ဖြစ်သွားရတာတွေလည်း ရှိလာခဲ့ပါတယ်။
အခုလို စွန့်ပစ်ခံရတဲ့ ရင်ခွင်မဲ့ကလေးငယ် များလာနေတာကို လျှော့ချနိုင်ဖို့ အတွက်၊ အဓိကအကြောင်းရင်းဖြစ်တဲ့ ကလေးမလိုချင်သေးချိန်၊ ကလေးယူဖို့ အသင့်မဖြစ်သေးချိန်မှာ ကိုယ်ဝန်မရအောင် ကာကွယ်ပေးဖို့ အထူးအရေးကြီးနေပါတယ်။ အခုလို ကာကွယ်ပေးနိုင်ဖို့ မျိုးဆက်ပွားကျန်းမာရေးပညာ ဗဟုသုတတွေကို ပြည်သူတွေအကြားမှာ အသက်အရွယ်မရွေး သိထားကြဖို့ အထူးအရေးကြီးပါတယ်။ အဓိက သိထားသင့်တာတွေက အပျိုဖော်ဝင်ချိန်ကစပြီး ကျား-မ လိင်ဆက်ဆံတာကြောင့် အချိန်မရွေး ကိုယ်ဝန်ရနိုင်တာ၊ အခုလို လိင်ဆက်ဆံတာကြောင့် ကိုယ်ဝန်မရအောင်ကာကွယ်ဖို့ သန္ဓေတား သားဆက်ခြားနည်းမျိုးစုံ သုံးနိုင်တာ၊ ဒီပုံမှန်သားဆက်ခြားနည်းတွေ မသုံးမိခဲ့လျှင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရလျှင်လည်း အရေးပေါ် သားဆက်ခြားနည်းတွေ သုံးနိုင်တာတွေ ဖြစ်ပါတယ်။ ပြဿနာ ရှိနေတာက ဒီမျိုးဆက်ပွားကျန်းမာရေး ပညာပေးမှုတွေ မရထားတာကြောင့် တချို့ လူတွေအနေနဲ့၊ တခါတလေ လိင်ဆက်ဆံရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ လွဲမှားယူဆကာ ကိုယ်ဝန်ရသွားကြတာနဲ့၊ ရှိထားတဲ့ သားဆက်ခြားနည်းတွေကို ကြိုမသိထားကြတာတွေ ဖြစ်ပါတယ်။
မျိုးဆက်ပွား ကျန်းမာရေးပညာတွေကို မြန်မာ့ယဉ်ကျေးမူအရ မိဘတွေနဲ့ စာသင်ကျောင်းတွေက သင်ကြားပေးနိုင်ဖို့ ခက်ခဲနေသေးချိန်မှာ၊ သားဆက်ခြားနည်းတွေအပါအဝင် ဒီမျိုးဆက်ပွားပညာပေး လုပ်ငန်းတွေကို၊ အရပ်ထဲမှာ အရေးတကြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
အခုလို မျိုးဆက်ပွား ကျန်းမာရေးပညာပေး လုပ်ဆောင်ရာမှာ သောက်ဆေး၊ ထိုးဆေး၊ သားအိမ်နဲ့ လက်မောင်းထဲ ထည့်တဲ့ပစ္စည်းတွေအပါအဝင် သန္ဓေတား သားဆက်ခြားနည်းမျိုးစုံရှိနေတာကို အများပြည်သူ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပြည်သူတွေကိုယ်တိုင် တဦးချင်းစီအတွက် အဆင်ပြေဆုံး နည်းလမ်းတွေကို ဆရာဝန်တွေနဲ့ တိုင်ပင်ရွေးချယ်နိုင်လာမှာပါ။ ဒီသားဆက်ခြားနည်းတွေမှာ အာနိသင် ကွာခြားတာနဲ့ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်စီ ရှိကြတာမို့၊ သုံးမယ့်သူကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်နိုင်မှသာ၊ စွဲစွဲမြဲမြဲ ထိရောက်အောင်သုံးနိုင်မှာ ဖြစ်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူးနဲ့ သားဖွားမီးယပ်အထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာမြသီတာ ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။