သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွန့်ပစ်ခံကလေး နှင့် မလိုချင်တဲ့ကိုယ်ဝန် ကာကွယ်ရေး


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ စွန့်ပစ်ခံ ရင်ခွင်မဲ့ကလေးငယ်တွေများလာရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ မလိုချင်တဲ့ ကိုယ်ဝန်မရရေးအတွက် ကာကွယ်ပေးဖို့ လိုနေပြီလို့၊ ကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

မလိုချင်တဲ့ကိုယ်ဝန်မရရေး ကာကွယ်ပေးရမှာ သန္ဓေတား၊ သားဆက်ခြားနည်းအမျိုးမျိုးထဲက အသင့်တော်ဆုံးကို ရွေးချယ်နိုင်ဖို့၊ နည်းတစ်မျိုးစီရဲ့ အာနိသင်နဲ့ ဆိုးကျိုးကောင်းကျိုး အသေးစိတ်အချက်အလက်တွေကို မိခင်တွေကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။

ပထမတန်းစား အာနိသင်ကောင်းတာဖြစ်တဲ့ အမျိုးသမီး (၁၀၀) တစ်နှစ်သုံးလျှင် ကိုယ်ဝန်ရသူ တစ်ဦးထက်နည်းစေတဲ့ နည်းတွေကတော့ သားကြောဖြတ်နည်း၊ သားအိမ်နဲ့ လက်မောင်းမှာ ပစ္စည်းထည့်တဲ့နည်းတွေဖြစ်ပြီး ရေရှည်ခံပါတယ်။ ဒီအထဲမှာ သားကြောဖြတ်နည်းက အမျိုးသမီး (၁၀၀၀) မှာ တစ်ယောက် ကိုယ်ဝန်ရတဲ့အဆင့်ထိတောင် အာနိသင်ကောင်းတဲ့ အကောင်းဆုံး စိတ်အချရဆုံးနဲ့ ရေရှည်အခံဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသားကြောဖြတ်တာကို လူတိုင်းလုပ်ခွင့်မရှိဘဲ၊ ကန့်သတ်သတ်မှတ်ထားချက်တွေကို ပြည့်မီသူမှသာ ဖြတ်ခွင့်ရှိပါတယ်။ အခုလို သားကြောဖြတ်ခွင့်ရှိသူတွေကတော့ အသက် (၄၀) ကျော်ပြီး ကလေး တစ်ဦးရှိထားပြီးသူ၊ အသက် (၃၈) နှစ်မှာ ကလေး (၂) ဦး ရှိထားပြီးသူ၊ အသက် (၃၅) နှစ်မှာ ကလေး (၃) ဦး ရှိပြီးသူ၊ (၂) ကြိမ်ခွဲမွေးခဲ့ရပြီး တတိယမြောက် ကိုယ်ဝန်ရှိသူနဲ့ ကျန်းမာရေးအရ ကိုယ်ဝန်မဆောင်သင့်သူတွေသာ ဖြစ်ပါတယ်။

နောက် ပထမတန်းစား အာနိသင်ကောင်းတဲ့ သားအိမ်နဲ့ လက်မောင်းမှာ ပစ္စည်းထည့်တဲ့ နည်းတွေကလည်း နှစ်ရှည်ခံပြီး၊ (၃) နှစ်ခံတာ၊ (၅) နှစ်ခံတာတွေ ရှိပါတယ်။ ကလေးပြန်လိုချင်ပါက ဒီပစ္စည်းတွေကို ပြန်ထုတ်လိုက်လျှင် ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီ (၂) နည်းမှာ ကိုယ်စီ ဆိုးကျိုး၊ကောင်းကျိုးတွေ ရှိနေပါတယ်။ သားအိမ်ထဲ ထည့်တဲ့ပစ္စည်းကြောင့် ဓမ္ဓတာလာချိန် ယားယံခြင်း၊ ကိုက်ခဲ့ခြင်းတွေ ဖြစ်စေနိုင်တာမို့၊ ဓမ္ဓတာလာချိန် နဂိုထဲက ယားယံတတ်၊ ကိုက်ခဲတတ်သူတွေအတွက် မသင့်တော်ပါဘူး။ အခုလို ယားယံတာ၊ကိုက်ခဲတာ မဖြစ်တတ်လျှင်တော့၊ သားအိမ်မှာ အသားလုံးနဲ့ အဖုတွေ မရှိဘဲ ပုံမှန်ဖြစ်နေလျှင် ဒီနည်းကို သုံးနိုင်ပါတယ်။

ဒီနည်းရဲ့ ကောင်းကျိုးကတော့ ထည့်လို့ထုတ်လို့ လွယ်တာပါ။ ကလေးမွေးပြီးပြီးချင်း ဝမ်းဗိုက်ထဲမှ အချင်းထွက်ကျချိန်မှာ အလွယ်တကူ သားအိမ်ထဲ ထည့်ပေးလို့ရသလို၊ ခွဲမွေးသူတွေမှာလည်း ကလေးထုတ်ပြီး သားအိမ်ထဲ တစ်ခါထဲ ထည့်ပေးလိုက်လို့ ရပါတယ်။ ဒါပေမဲ့ ကလေးမွေးပြီး (၆) ပတ်ကျော်ကြာမှ သားအိမ်ပုံမှန်နေရာ ပြန်ရောက်သွားချိန်မှာတော့ ထည့်ရပိုခက်ခဲသွားပါတယ်။ နောက်တချက် ကောင်းတာက သားအိမ်ထဲ တည့်ပြီးမှ ဒီနည်းကို မကြိုက်လို့ ပြန်ထုတ်ချင်လျှင်လည်း၊ အလွယ်တကူ ကြိုးစလေးကို ပြန်ဆွဲထုတ်ပေးလိုက်ရုံနဲ့ ရပါတယ်။

ပထမတန်းစား နောက်တစ်ခုဖြစ်တဲ့ လက်မောင်းအရေပြားအောက်မှာ ပစ္စည်းထည့်တာကတော့ ဟော်မုန်း (Progestogen) ပါပြီး၊ ဒီဟော်မုန်းကို တစ်နေ့ နည်းနည်းချင်း ထုတ်ပေးတာကြောင့် ဟော်မုန်းပမာဏ မတည်မငြိမ်ဖြစ်ကာ ဓမ္ဓတာသွေး မနက်ဆင်းလိုက်၊ ညဆင်းလိုက် ပုံမှန်မဟုတ်ဘဲ ဆင်းတတ်ပါတယ်။ တချို့မှာလည်း လုံးဝ ဓမ္ဓတာထိန်သွားတတ်ပါတယ်။ ဓမ္ဓတာထိန်သွားတာအတွက် အများစု လက်ခံနိုင်ပေမယ့်၊ ဓမ္ဓတာ နည်းနည်းချင်းဆင်းတာကိုတော့ အများလက်မခံနိုင်ကြဘဲ၊ ပြန်ထုတ်ချင်စိတ် ဖြစ်လာတတ်ပါတယ်။ ဒီမှာ ပြဿနာက ထည့်ရ ထုတ်ရ မလွယ်တာပါ။ ဆရာဝန်ကိုယ်တိုင် ထုံဆေးနဲ့ ထည့်ပေးရပြီး၊ လိုအပ်လျှင် ဓားနဲ့လှီးပြီး ဆရာဝန်ကိုယ်တိုင် ပြန်ထုတ်ပေးတာမို့ပါ။ ဒါကြောင့် ဒီနည်းရဲ့ ဆိုးကျိုးဖြစ်တဲ့ ရာသီနည်းနည်းချင်း ဆင်းနိုင်တာကို ကြိုသိထားပြီး၊ လက်မခံနိုင်လျှင် အစကတည်းက မထည့်တာ ပိုကောင်းပါတယ်။

ဒုတိယတန်းစား အာနိသင်ကောင်းတဲ့နည်းမှာတော့ အမျိုးသမီး (၁၀၀) တစ်နှစ်သုံးလျှင် (၆) ဦးကနေ (၁၂) ဦးအထိ ကိုယ်ဝန်ရနိုင်တဲ့နည်းတွေပါ။ ဒီနည်းတွေက အများသိတဲ့ (၃) လခံ ထိုးဆေး၊ နေ့စဉ်သောက်ရတဲ့ ဆေးကဒ်တွေ (ဟော်မုန်း နှစ်မျိုးပါတာနဲ့ တစ်မျိုးဘဲပါတာ) နဲ့ မိခင်နို့တိုက်ကြွေးခြင်းတွေ ဖြစ်ပါတယ်။ ကလေး (၆) လသားအထိ ရေတောင်မတိုက်ဘဲ မိခင်နို့တမျိုးထဲကို တိုက်ပါက ဦးနှောက်ရှိ Pituitary Gland အနေနဲ့ နို့ရည်ထွက်စေတဲ့ ဟော်မုန်းကို အဓိကထုတ်ပေးရတာမို့၊ သားဥကြွေစေတဲ့ဟော်မုန်းကို မထွက်စေတော့ဘဲ ရာသီမပေါ် ကလေးမရစေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေး (၆) လ ကျော်လာပြီး အပြင်က ဖြည့်စွက်စာတွေ စားလာချိန်မှာတော့၊ မိခင်နို့ရည်တစ်ခုထဲကို မမီခိုတော့တာကြောင့်၊ နို့ရည်ထွက်စေတဲ့ ဟော်မုန်းထွက်တာ လျော့ကျလာပြီး၊ သားဥကြွေစေတဲ့ ဟော်မုန်းထွက်တာ ပြန်တက်လာနိုင်တာမို့ ကလေးပြန်ရလာနိုင်ပါတယ်။ အခုလို (၆) လကျော်လာချိန်မှာ မိခင်နို့ပါ ဆက်တိုက်နေသေးလျှင်၊ စိတ်ချရအောင် ဟော်မုန်းတစ်မျိုးထဲပါတဲ့ နေ့စဉ်သောက်ရတဲ့ ဆေးကဒ်ပါ တွဲသောက်သင့်ပါတယ်။

ဟော်မုန်း (၂) မျိုးပါတဲ့ ဆေးကဒ်က နို့တိုက်မိခင်အတွက် မသင့်တော်လို့ပါ။ မိခင်နို့တိုက်တာဖြတ်လိုက်ချိန်မှတော့ ဈေးလဲပိုသက်သာတဲ့ ဟော်မုန်း (၂) မျိုးပါတဲ့ နေ့စဉ်သောက်ဆေးကဒ်ကို သုံးသင့်ပါတယ်။ ဟော်မုန်းတစ်မျိုးထဲပါတဲ့ ဆေးကဒ်က ဆေးသောက်ချိန် အတိမ်းအစောင်းမခံဘဲ၊ ပုံမှန်ဆေးသောက်ချိန် (၃) နာရီထက်လွန်သွားလျှင် အာနိသင်မရှိတော့တာမို့ အချိန်သံပတ်ပေး (Alarm ပေး) သောက်ရတာမျိုးပါ။ ကလေး (၆) လကျော်လာပြီး ဖြည့်စွက်စာရော နို့ပါတိုက်နေချိန်တုံးကတော့ နို့တိုက်တာကြောင့်ကလေးမရနိုင်တာရှိသေးတာမို့ ဆေးသောက်ချိန် အတိမ်းအစောင်းဖြစ်တာက သိပ်ပြဿနာမရှိပေမဲ့၊ နို့လုံးဝဖြတ်လိုက်ချိန်မှာ လုံးဝ အတိမ်းအစောင်းမခံတော့လို့ပါ။ ဟော်မုန်း (၂) မျိုးပါတဲ့ နေ့စဉ်သောက်ဆေးက ဟော်မုန်းတစ်မျိုးပါတဲ့ဆေးလို အချိန်သံပတ်ပေး သောက်ဖို့မလိုပေမဲ့လည်း၊ အတတ်နိုင်ဆုံးတော့ ဆေးသောက်ချိန်မှန်ဖို့ လိုပါတယ်။

နောက် အရေးကြီးတာက ဒီဆေးကတ်တွေကို အပြည့်ကုန်အောင်သောက်ဖို့ လိုပါတယ်၊ တချို့ အမျိုးသားရှိချိန်မှာဘဲသောက်ပြီး၊ အမျိုးသားမရှိချိန်မှာ ဖြတ်ထားနိုင်တယ်လို့ အထင်မှားသုံးမိတာကြောင့် ကိုယ်ဝန်ရသွားတတ်ပါတယ်။ နောက်ထပ်သတိပြုရမှာက ဒီဆေးဘေးထွက်ဆိုးကျိုးကြောင့် စသောက်ချိန်မှာ ပျို့တာ၊ မူးတာ၊ အန်တာ၊ ရင်တလှပ်လှပ် ဖြစ်တာတွေ ခံစားရချိန်မှာ လန့်ပြီး ဆေးကို မဖြတ်ပစ်လိုက်ဖို့ပါ။ တကယ်တမ်းက ဒီဆေးကို ဆက်သောက်သွားလျှင်၊ ခံနိုင်ရှည်ရှိလာပြီး နောက်ပိုင်း သောက်ရ အဆင်ပြေသွားလေ့ရှိပါတယ်။ ဒီဆေးကဒ်တွေက ဟော်မုန်းပါတဲ့ဆေးတွေဖြစ်တာကြောင့် ဆိုးကျိုးအနေနဲ့ ကိုယ်အလေးချိန်တက်တာ၊ ဝတာတွေဖြစ်နိုင်ပါတယ်။ နောက် ဒုတိယတန်းစား တစ်မျိုးဖြစ်တဲ့ (၃) လခံထိုးဆေးကလဲ ဝစေတာအပြင်၊ ဆေးအရှိန်က (၃) လထက်ကျော်တတ်ပါတယ်။ ဒီဆေးကို ဖြတ်လိုက်ချိန်မှာ အာနိသင် ချက်ချင်းမပျက်ပြယ်ဘဲ၊ (၆) လ (၉) လအထိ ကလေးရဖို့ ပြန်စောင့်ရတတ်ပါတယ်။

တတိယတန်းစား အာနိသင်ကောင်းတဲ့နည်းကတော့ အမျိုးသမီး (၁၀၀) တစ်နှစ်သုံးလျှင် ၁၈ ဦးနှင့် အထက် ကိုယ်ဝန်ရနိုင်တဲ့နည်းတွေပါ။ ဒါတွေကတော့ အများသိထားတဲ့ ကွန်ဒုံး အစွပ်သုံးတာ၊ သုတ်ရည်အပြင်ထုတ်ပစ်တာ၊ သားအိမ်ခေါင်းအစွပ်နဲ့ သုတ်ပိုးသေစေတဲ့ဆေးတွေနဲ့ တွဲသုံးတာတွေ ဖြစ်ပါတယ်။ ကွန်ဒုံးအစွပ်သုံးတာကြောင့် လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှုး၊ သားဖွားမီးယပ်အထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာမြသီတာ ကို ဆက်သွယ်မေးမြန်း ဆွေနွေးတင်ပြထားပါတယ်။

XS
SM
MD
LG