သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမြင့်မှ မတော်တဆ ပြုတ်ကျမှု


Three-year-old Uziel kisses his father Ivan Dominguez Diaz, 27, who is awaiting surgery for a broken neck, Mexico.
Three-year-old Uziel kisses his father Ivan Dominguez Diaz, 27, who is awaiting surgery for a broken neck, Mexico.
အမြင့်မှ မတော်တဆ ပြုတ်ကျမှု
please wait

No media source currently available

0:00 0:06:20 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ထိခိုက်ဒဏ်ရာရမှုကြောင့် လူအများဆုံးဆေးရုံရောက်ကြပြီး သေဆုံးတဲ့အထိမတော်တဆအဖြစ် အမြင့်ကပြုတ်ကျတာနဲ့ ပြင်ညီပေါ်လဲကျတာတွေက ဒုတိယအများဆုံးဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရကာ လူတွေဆေးရုံရောက်၊ သေကျေရတဲ့ ပြုတ်ကျ၊ လဲကျမှုတွေ အဖြစ်များနေပေမယ့် အဲဒါတွေကို ကာကွယ်နိုင်တယ်လို့ အရေးပေါ်ကုသမှုဆိုင်ရာ ကျွမ်းကျင်သူတွေက အလေးအနက် ပြောနေပါတယ်။ အမြင့်ကနေ မတော်တဆ ပြုတ်ကျမှုကြောင့် ၂၀၁၆ ခုှနှစ်အတွင်း ရန်ကုန်ဆေးရုံကြီး တစ်ခုထဲကို ရောက်ရှိလာသူပေါင်း (၂၈၀) ခန့် ရှိခဲ့ပြီး၊ ဒီအထဲက (၅၀) ခန့် အသက်ဆုံးရှုံးခဲ့ကြရတာမို့၊ မြန်မာနိုင်ငံတစ်ခုလုံးဆိုလျှင် ဒီထက် အများကြီး များနေလိမ့်မယ်လို့ ဒီကျွမ်းကျင်သူတွေက ဆိုပါတယ်။ အခုလို အမြင့်က မတော်တဆ ပြုတ်ကျပြီး ဆေးရုံရောက်လာသူတွေ အများစုကတော့ လုပ်ငန်းခွင်တွေမှာ ဖြစ်ကြပြီး၊ ၇၅% ကနေ ၈၀% အထိ ရှိနေပါတယ်။ ဒုတိယအများဆုံးကတော့ အိမ်နဲ့ကျောင်းတွေမှာဖြစ်ကာ ၁၀% ကနေ ၁၅% ကျော်အထိ ရှိနေပါတယ်။

လုပ်ငန်းခွင်အတွင်း အမြင့်ကနေ မတော်တဆ ပြုတ်ကျတာတွေထဲမှာ အများဆုံး ဖြစ်ရတာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဖြစ်ပြီး၊ အိမ်နဲ့အဆောက်အဦး ဆေးသုတ်တာနဲ့ သစ်ပင်တက် အလုပ်လုပ်ရတာတွေကြောင့်လည်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အဓိက ဖြစ်ရခြင်းအကြောင်းရင်းကတော့ လုပ်ငန်းခွင် ယန္တရားနဲ့ စည်းကမ်းခိုင်မာမှု၊ ကြိုတင်ကာကွယ်ရေးပစ္စည်းတွေ အသုံးပြုမှုနဲ့ လုပ်ငန်းကျွမ်းကျင်မှု အားနည်းတာတွေကြောင့် ဖြစ်ပါတယ်။ ဥပမာ ငြမ်းမခိုင်ဘဲ ပြိုကျတာ၊ အရက် မူးယစ်ဆေးဝါးသုံးတာကို စည်းကမ်းနဲ့မတားဘဲ အမြင့်တက်လုပ်ခိုင်းတာ၊ စိုစွတ်ပြီး မခိုင်တဲ့နေရာတွေအတွက် သတိပေးလက္ခဏာတွေ မချထားတာ၊ အလင်းရောင်အားနည်းပြီး မှောင်နေချိန်နဲ့ ညပိုင်းမှာ အလုပ်ခိုင်းတာ၊ ဖိုင်ဘာဦးထုတ်မဆောင်းတာ၊ သိုင်းကြိုး အသုံးမပြုတာ၊ အောက်အထိပြုတ်မကျအောင် ပိုက်ကွန်အကာအရံတွေ မတပ်ဆင်ထားတာ၊ အလုပ်သမားအသစ်ကို အတွေ့အကြုံမရှိခင် ချက်ချင်းအမြင့် တက်လုပ်ခိုင်းတာ စတာတွေ ဖြစ်ပါတယ်။

အခုလို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆ ပြုတ်ကျတာကနေ ကာကွယ်ဖို့ လုံခြုံရေး အဓိကဆိုတဲ့ Safety First နဲ့ အခြားစည်းကမ်းတွေ ကပ်ထားတာအပြင်၊ ဒါတွေကို လက်တွေ့လိုက်နာပေးဖို့ အထူးအရေးကြီးပါတယ်။ အဓိက လုပ်ဆောင်သင့်တာတွေကတော့ ငြမ်းကို ခိုင်အောင်ဆင်တာ၊ ခါးသိုင်းကြိုး လှေကားကြိုး တွေသုံးတာ၊ လှေကားတွေကို ခိုင်အောင်လုပ်ထားတာ၊ မြေကြီးပေါ် တိုက်ရိုက်ကျမသွားအောင် ပိုက်ကွန်တွေကာရံ ခံပေးထားတာ၊ ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ ဖိုင်ဘာဦးထုတ်၊ ခါးသိုင်းကြိုး၊ အထိန်းကြိုး၊ ဘိနပ်၊ ရောင်ပြန်ဝတ်စုံ စတာတွေကို အလုံအလောက်ထုတ်ပေးထားကာ ဒါတွေကို ဝတ်ဆင်ပြီးမှ အလုပ်ခွင်ဝင်ခွင့်ပေးတာတွေ လုပ်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပြုတ်ကျနိုင် အန္တရာယ်ရှိနိုင်တဲ့ ချောတဲ့နေရာ၊ မခြောက်သေးဘဲ စိုစွတ်နေတဲ့နေရာ၊ မခိုင်တဲ့နေရာ စတာတွေအတွက် သတိပေးလက္ခဏာတွေ ချထားပေးဖို့ အထူးအရေးကြီးပါတယ်။ များသောအားဖြင့် တချို့က အခုလို ပြုတ်ကျနိုင်တဲ့နေရာတွေကို မသိဘဲ ရောက်သွားတာကနေ ချောကျ၊ ကျွံကျ၊ ကျိုးကျ တာတွေ ဖြစ်တတ်လို့ပါ။ လုပ်ငန်းကျွမ်းကျင်မှု ရှိသူကိုသာ အမြင့်တက် လုပ်ခွင့်ပြုတာအပြင်၊ ကျန်းမာရေးမကောင်းတဲ့ မူးတတ်တဲ့ လက္ခဏာရှိမရှိ ကြိုတင်ဆေးစစ်ပြီးမှသာ အမြင့်တက်ခွင့်ပြုသင့်ပါတယ်။ အကြောင်းက သွေးတိုးတာ၊ သကြားဓာတ်နည်းတာနဲ့ အိပ်ရေးပျက်တာတွေကြောင့်လည်း ပြုတ်ကျတတ်လို့ပါ။ ဒါ့အပြင် မိုးတွင်းကာလ မိုးရွာနေချိန်မှာ စိုစွတ် ချောနေတာအပြင်၊ အလင်းရောင်ပါ အားနည်းနိုင်တာကြောင့်လည်း၊ အပြင်ထွက် အပေါ်တက်လုပ်တာတွေ လုပ်သင့်မသင့် ကြိုတင် စည်းကမ်းသတ်မှတ်ပေးထားသင့်ပါတယ်။

အမြင့်ကနေ မတော်တဆပြုတ်ကျတာတွေထဲမှာ ဒုတိယ အများဆုံးဖြစ်တဲ့ အိမ်နဲ့ကျောင်းတွေနဲ့ ပတ်သက်ပြီး၊ အိမ်တွေမှာ ၁၀% ခန့်ဖြစ်ကာ၊ ကျောင်းတွေမှာ ၇% ခန့် ဖြစ်လေ့ရှိပါတယ်။ အိမ်တွေမှာ အဓိက ဖြစ်ရခြင်းက လုပ်နေကျမဟုတ်တာတွေကို စွန့်စားလုပ်တာကြောင့်ပါ။ ဥပမာ အိမ်ခေါင်မိုး ကိုယ်တိုင်တက်မိုးတာ၊ ခုံတွေ စားပွဲတွေ အဆင့်ဆင့်ခုပြီး မီးချောင်းတက်ပြင်တာမျိုးတွေကြောင့် အဖြစ်များတတ်ပါတယ်။ ဒါကြောင့် အဲဒီလို မကျွမ်းကျင်တာတွေအတွက် ကျွမ်းကျင်သူကို လုပ်စေသင့်ပါတယ်။ တကယ်လို့ ကိုယ်တိုင်လုပ်ရမယ့် အခြေအနေ ဖြစ်နေလျှင်လည်း အထူးသတိထားကာ ခိုင်ခန့်တဲ့ လှေခါး၊ အကိုင်အတွယ် စတာတွေကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် အပေါ်ထပ် ဝရန်တာနဲ့ ပြူတင်းပေါက်တွေမှာ သံပန်းအကာအရံ တပ်မထားတာကြောင့် ကလေးနဲ့လူကြီးတွေ မတော်တဆ အမြင့်က ပြုတ်ကျတာတွေ ဖြစ်လေ့ရှိတာမို့၊ ဒီသံပန်း ဒီအကာအရံတွေ တပ်ထားဖို့ အရေးကြီးပါတယ်။ ကျောင်းတွေမှာတော့ ကစားကွင်းမှာ လျှောစီးတာ၊ ဒန်းလွှဲတာ၊ အမြင့်က ခုန်ချတာ၊ သစ်ပင်ပေါ်တက် ဆော့ကစားတာ စတာတွေကြောင့် ဖြစ်လေ့ရှိတာမို့၊ ကျောင်းကြီးကြပ်သူတွေ ဆရာ၊ဆရာမတွေအနေနဲ့ ဒီကစားကွင်းနဲ့ပစ္စည်းတွေ သင့်တော် ခိုင်မာမှုကို စစ်ဆေးတာ၊ ပြင်ဆင်မှုတွေလုပ်ပေးတာအပြင်၊ ကလေးတွေကိုလည်း အန္တရာယ်မရှိအောင် ကစားဖို့ ကြိုတင်သွန်သင်မှုတွေ၊ စောင့်ကြည့် ဆုံးမမှုတွေ လုပ်ပေးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိ သတိထားလုပ်ဆောင်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG