သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးသွေးလွှတ်ကြောမကြီး ဖောင်းပြီးပေါက်ကွဲတဲ့ ရောဂါ


ခန္ဓာကိုယ်တစ်ခုလုံးကို အဓိက သွေးပို့ပေးတဲ့ သွေးလွှတ်ကြောမကြီး Aorta ဖောင်းပြီး ရုတ်တရက ်ပေါက်သွားတဲ့ရောဂါ တွေ့ရှိမှုများလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ဒီရောဂါ ဖြစ်ရခြင်းအကြောင်းရင်းက အဆီစားများပြီး သွေးကြောနံရံ မာကျစ်လာတာ၊ မတော်တဆ ထိခိုက်မှုကြောင့် သွေးကြောနံရံ ထိခိုက်သွားတာ၊ သွေးကြောမကြီးထဲ ရောဂါပိုးဝင်ခဲ့တာကြောင့် သွေးကြောနံရံ ပါးပြီးပျက်စီးတာ၊ မျိုးရိုးဗီဇကြောင့် သွေးကြောနံရံပါးတာတွေကြောင့် ဖြစ်ပါတယ်။

ဒီရောဂါအဖြစ်များသူတွေကတော့ အသက်ကြီးလာသူတွေ၊ သွေးတိုးရောဂါရှိသူတွေနဲ့ အဆီများသူတွေဖြစ်ပါတယ်။ ဒီရောဂါဖြစ်တာကို ကြိုတင်သိနိုင်ဖို့ စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေက ဗိုက်ထဲအလုံးစမ်းမိတာ၊ ဒီအလုံးက သွေးခုန်နှုန်းနဲ့အတူ လိုက်ဖောင်းကြွတတ်တာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအလုံးကြီးလာချိန်မှာ ခါးနာတာ၊ ဗိုက်တင်းတာတွေ ခံစားရတတ်ပါတယ်။ အထူးသဖြင့် အသက် (၆၀) ကျော်လာသူတွေမှာ နှစ်စဉ် ပုံမှန်ဆေးစစ်တာ လုပ်ပေးခြင်းဖြင့် Ultrasound စစ်ဆေးချက်မှာ ဒီသွေးကြောမကြီး ဖောင်းလာတာကို ကြိုတင်သိရှိနိုင်ပါတယ်။

ဒီသွေးကြောမကြီး ဖောင်းရာကနေ ရုတ်တရက် ပေါက်ကွဲသွားရင်တော့ ရုတ်တရက် ဗိုက်အောင့်လာတာ၊ ခန္ဓာကိုယ် ဖြူဖွေးသွားတာ၊ ချွေးစီးထွက်တာနဲ့ ခါးအလွန် နာကျင်တာတွေ မခံမရပ်နိုင်အောင် ဖြစ်လာတတ်ပါတယ်။ ဒီရောဂါကနေ ကာကွယ်ဖို့အတွက် သွေးမတိုးအောင် ထိန်းထားတာ၊ အဆီလျှော့စားတာနဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေ လုပ်ပေးသင့်ပါတယ်။ ဒီရောဂါဖြစ်တာကို အချိန်မီသိပြီး ပုံမှန်ကုသမှုခံယူတာ၊ သွေးကြောမကြီး ရုတ်တရက် ပေါက်သွားချိန်မှာတောင် စောစောသိပြီး ဆေးရုံအချိန်မီ သွားနိုင်ကာ ခွဲစိတ်ကုသမှုတွေ လုပ်ပေးနိုင်ပါတယ်။

ဒီရောဂါ အခြေအနေအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG