Bell’s Palsy လို့ခေါ်တဲ့ မျက်နှာတခြမ်းရွဲ့တဲ့ရောဂါဟာ မြန်မာနိုင်ငံမှာ အသက်အရွယ်၊ ကျားမ မရွေး တစုံတရာ ဖြစ်နေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
လေဖြတ်တာ မဟုတ်တဲ့ ဒီ မျက်နှာတခြမ်းရွဲ့တာ ဖြစ်ရတာက မျက်နှာဆိုင်ရာ အာရုံကြော ပိမိတာ (သို့မဟုတ်) ဒီ အာရုံကြော ရောင်တာကြောင့် အဓိက ဖြစ်တယ်လို့ ယူဆထားကြပေမဲ့၊ ဘာကြောင့် အခုလို အာရုံကြော ထိခိုက်ရတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ အခုလို အာရုံကြော ထိခိုက်စေနိုင်တာတွေ အမျိုးမျိုးဖြစ်နိုင်ရမှာ အဓိကအားဖြင့် ဗိုင်းရပ်စ်ပိုးဆိုင်ရာ ရောဂါတွေနဲ့ ပတ်သက်နေပေမဲ့လည်း၊ ဒီဗိုင်းရပ်စ်ပိုးကြောင့် တိုက်ရိုက်ဖြစ်တာလို့တော့ သက်သေမပြနိုင်သေးပါဘူး။
ဥပမာ ဗိုင်းရပ်စ်ကြောင့် ပါးချိပ်ရောင်ပြီး ဒီအာရုံကြောပေါ်ဖိမိတာကြောင့်၊ မကြာခင် ဒီရောဂါဆက်ဖြစ်လာတာမျိုး၊ ဝက်သက်၊ ဂျိုက်သိုး၊ တုတ်ကွေး၊ အဆုပ်လေပြွန်ရောင်တာ၊ နှာစေးချောင်းဆိုးတာ၊ HIV ကိုယ်ခံစွမ်းအားကျရောဂါ စတဲ့ ဗိုင်းရပ်စပိုးကြောင့်ဖြစ်တာတွေဖြစ်အပြီးမှာလည်း၊ ဒီရောဂါ ဆက်ဖြစ်လာတတ်ပါတယ်။ ဒီရောဂါ ဖြစ်လာလျှင်လည်း မျက်နှာအာရုံကြောနဲ့ဆိုင်တဲ့ မျက်နှာတဝိုက်မှာသာ ခေတ္တသဘောမျိုး ဖြစ်တတ်ပြီး၊ လေဖြတ်တာလို ကိုယ်ခန္ဓာတခြားအစိတ်အပိုင်းတွေမှာပါ ပြင်းပြင်းထန်ထန် မဖြစ်တတ်ပါဘူး။
အခုလို အာရုံကြောနဲ့ဆိုင်တဲ့ ဒီမျက်နှာတခြမ်းရွဲ့တာကို တချို့က သွေးကြောနဲ့ဆိုင်တဲ့ လေဖြတ်တာနဲ့ မှားယွင်းယူဆပြီး မျက်နှာလေဖြတ်တယ်၊ မျက်နှာလေဖြန်းတယ်လို့ ပြောတတ်ကြပါတယ်။ တကယ်တော့ လေဖြတ်တာက ဦးနှောက်သွေးကြောပိတ်တာ၊ ပေါက်တာကြောင့် ဦးနှောက်ရှိ သတ်သတ်မှတ်မှတ် လှုပ်ရှားမှုဆိုင်ရာ အစိတ်အပိုင်းကို ထိခိုက်လို့ ဖြစ်ရတာပါ။ ဒီမျက်နှာတခြမ်ရွဲ့ရောဂါဖြစ်ဖို့ အန္တရာယ်များသူတွေက ဆီးချိုရောဂါရှိထားသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မျိုးရိုးရှိထားသူတွေပါ။
မျက်နှာတခြမ်းရွဲ့ရောဂါရဲ့ လက္ခဏာတွေကတော့ နာရီပိုင်းအတွင်း ရုတ်တရက် စဖြစ်လာတတ်ပြီး၊ မျက်နှာတခြမ်းရွဲ့သွားတာအပြင်၊ မျက်လုံးလေးလာပြီး မျက်လုံးရွဲ့သွားတာ၊ မျက်စိတဖက် ပိတ်မရဘဲ ပွင့်နေတာ၊ ပါးစပ်ရွဲ့ပြီး သွားရည်ကျလာတာ၊ ဖြစ်တဲ့ မေးရိုးဖက်နဲ့ နားနောက်မှာ နာကျင်တာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ တချို့ မှတ်ဉာဏ်လျော့တာ၊ တချို့မှာ နားအနည်းငယ် ထိခိုက်ပြီး ဟန်ချက်မထိန်းနိုင်တာ၊ တချို.တော့ လက်ကျင်တဲ့အထိ ဖြစ်လာတာတွေပါ။
ဒီရောဂါဖြစ်တာ သေချာအောင် စမ်းသပ်သိရှိနိုင်တာတွေကတော့ လျှာထုတ်ခိုင်းလျှင် တည့်တည့်မထွက်လာဘဲ ဘေးစောင်းသွားတာ၊ သွားစေ့ခိုင်းလျှင် တဖက်ဘဲ စေ့နိုင်ပြီး နှုတ်ခမ်းရွဲ့သွားတာ၊ မျက်စေ့ပိတ်ခိုင်းလျှင် တဖက်ဘဲ ပိတ်နိုင်တာ၊ မျက်မှောင်ကြုတ်ခိုင်းလျှင် တဖက်ဘဲ နဖူးအရေးကြောင်းတွေပေါ်လာတာ၊ မျက်စိကိုဆွဲလျှင်လည်း တဖက်ဘဲ ပြန်ရုန်းနိုင်တာ၊ လေချွန်ခိုင်းလျှင် လေမချွန်နိုင်တော့တာ၊ လျှာအရှေ့ပိုင်းအရသာခံခိုင်းလျှင် အရသာမရှိတာ စတာတွေဖြစ်ပါတယ်။
ကုသမှု အနေနဲ့တော့ မျက်နှာကြွက်သားပြေလျော့အောင် နှိပ်နယ်ပေးတာ၊ မျက်နှာကြွက်သားလှုပ်ရှားမှု (သွားကြိတ်ကြည့်တာ၊ ဝါးကြည့်တာ၊ မျက်ခုံးမွှေးပင့်ကြည့်တာ စတာမျိုး) နေ့စဉ်လုပ်ပေးတာ၊ အာရုံကြောရောင်တာ ကျစေတဲ့ အရောင်လျော့ဆေး (Prednisolone ကဲ့သို့ Steroid) ပေးတာ၊ ဗိုင်းရပ်စ်ပိုးကျန်နေနိုင်တာကြောင့် ဗိုင်းရပ်စ်သေဆေး (ဥပမာ - Acyclovir) တွဲပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ အာရုံကြော ပိမိတာအတွက် အရင်တုံးက ခွဲစိတ်တဲ့အထိလုပ်ပေးခဲ့ကြပေမယ့် ရှားရှားပါးပါးသာ ဖြစ်ခဲခဲ့ပြီး၊ အခုခေတ်မှာ လုပ်လေ့မရှိတော့ပါဘူး။
ဒါ့အပြင် ဒီရောဂါကို မကုသမိလျှင်တောင် အများစုမှာ သူ့အလိုလို ရက်သတ္တပတ် အနည်းငယ်ကနေ (၆) လမတိုင်ခင် လုံးဝ ပြန်ကောင်းသွားတတ်ပါတယ်။ တချို့စိုးရိမ်ကြသလို ရုပ်ဆိုးပြီးလည်း မကျန်တတ်ပါ။ ဒါပေမဲ့ အရေးကြီးတာက မျက်လုံးပွင့်ပြီး ခြောက်သွားတာကြောင့် ရောဂါပိုးတွေဝင်လာပြီး မျက်သားရောင်တာ၊ မျက်လုံးကွယ်တာအထိ နောက်ဆက်တွဲဖြစ်နိုင်တာမို့၊ မျက်စိအကာ (Eye Patch) နဲ့ အိပ်ချိန်မှာပါ ဖုံးပေးထားပြီး (နေ့ဖက် နေကာမျက်မှန်တပ်နိုင်)၊ ရေနွေးအဝတ်စနဲ့ မျက်လုံးပေါ် ဖိထားပေးတာ၊ စိုစွတ်စေနိုင်တဲ့ မျက်စဉ်းဆေးထည့်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
ကာကွယ်ဖို့အတွက်ကတော့ ဖြစ်ရခြင်း အဓိကအကြောင်းရင်းဖြစ်နိုင်တဲ့ အာရုံကြောရောင်တာ၊ ပိတာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ အတိအကျ မသိတာကြောင့် ကာကွယ်ဖို့ ခက်ပါတယ်။ ကာကွယ်ဆေးလည်း မရှိသေးပါ။ ဒါပေမဲ့ ဒီရောဂါ အဖြစ်များနိုင်တဲ့ ဆီးချိုရှိသူတွေအနေနဲ့ ဆီးချိုကို ပုံမှန်ထိန်းထားတာ၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို သတိထားပြီး ဖြစ်ဖြစ်ချင်း ဆေးခန်းပြကာ ကုသမှုခံယူတာတွေ လုပ်ပေးသင့်ပါတယ်။ ဒီရောဂါ တစ်ခါဖြစ်ဖူးထားသူတွေမှာ စိတ်ဖိစီးတာကြောင့် လက္ခဏာအနည်းငယ် ပြန်ဖြစ်သလို ခံစားရနိုင်တာမို့ စိတ်ဖိစီးမှုကို လျော့ချပေးသင့်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။