သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဆောင်မိခင် သံဓာတ်ချို့တဲ့ခြင်း


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် အများစုမှာ သံဓာတ်ချို့တဲ့ကြပြီး၊ ကျန်းမာရေးဆိုးကျိုးတွေ ရင်ဆိုင်နေရတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ကိုယ်ဝန်သည်တွေမှာ သံဓာတ် ချို့တဲ့ရခြင်း အဓိက အကြောင်းရင်းကတော့ ရှေးရိုးရာ အစဉ်အလာအတိုင်း အစာရှောင်တာကြောင့် ဖြစ်ပါတယ်။ အခုလို ရှောင်လိုက်တဲ့ အစာတွေကြောင့် သံဓာတ်အပါအဝင် လိုအပ်တဲ့ အာဟာရတွေ ဆုံးရှုံးသွားရပါတယ်။ အခြားအကြောင်းရင်းတွေကတော့ အစာအိမ်ကနေ သံဓာတ်စုပ်ယူမှုကို အားပေးတဲ့ ဗီတာမင်စီ (Vitamin C) ပါတဲ့ ချဉ်တဲ့အရသာရှိတဲ့ အစားအစာတွေကို ရှောင်မိတာ၊ တချို့ကြတော့ အစာအိမ်ကနေ သံဓာတ်စုပ်ယူမှုကို ဟန့်တားစေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုတ် အလွန်အကျွံ စားသောက်မိတာ၊ အစာအိမ်ကနေ သံဓာတ်စုပ်ယူမှု လျော့ကျစေတဲ့ အစာအိမ်ဆေးတွေ ရေရှည်သုံးစွဲမိတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း တစိတ်တဒေသ ဖြတ်တောက်ထားရတာ၊ ကလေး တစ်ယောက်မွေးပြီး (၂) နှစ် မတိုင်ခင် နောက်တစ်ယောက်ထပ်မွေးရတာ၊ ကိုယ်ဝန်မဆောင်မီနဲ့ မွေးဖွားချိန်မှာ သွေးဆင်းများတာနဲ့ သံကောင်ရှိတာတွေကြောင့် ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ်ချို့တဲ့တာကြောင့် အဓိက ဆိုးကျိုးအနေနဲ့ သွေးအားနည်းတာနဲ့ သွေးအားနည်းတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရလေ့ရှိပါတယ်။ သွေးအားနည်းတာကြောင့် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေကို အောက်ဆီဂျင်ဓာတ် အရောက်နည်းသွားပြီး မိခင်မှာ သွေးအားနည်း လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူးတာ၊ မောပန်းတာ၊ အမြင်အာရုံ မကောင်းတာ၊ ရင်တုန်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ နားအူတာ၊ နားထဲကလေထွက်သလိုခံစားရတာ၊ ခြေကုန်လက်ပန်းကျတာ၊ မလှုပ်မရှားချင်တာ၊ အစားအသောက်ပျက်တာ၊ ရင်ဘတ်အောင့်တာ၊ ပျို.တာ၊ အံတာ၊ ဝမ်းပျက်တာ၊ ညပိုင်း အိပ်မပျှော်တာတွေအပြင် လျှာ၊ မျက်ဆံသားနဲ့ ပါးစပ်တွေမှာ ဖြူဖတ်ဖြုယော်ဖြစ်လာတာ၊ လက်သည်းတွေမို့လာတာ၊ လျှာယောင်လာတာ၊ ကျီးကန်းပါးစပ်ဖြစ်လာတွေနဲ့ ချဉ်ခြင်းတပ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် သန္ဓေသားအတွက်လည်း ကြီးထွားဖွံ့ဖြိုးမူကို ထိခိုက်စေပြီး လမစေ့၊ ပေါင်မပြည့်ဘဲ မွေးတာ၊ ကလေးပျက်ကျလွယ်တာနဲ့ ကလေးအသေမွေးတာအထိ ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်ပါတယ်။

သံဓာတ်ချို့တဲ့မှု မဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် မိရိုးဖလာ အစွဲတွေကို ဖျောက်ပြီး အစာမရှောင်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ်ဝန်စဆောင်စဉ်ကတည်းက နီးစပ်ရာ ကျန်းမာရေးဌာနမှာပြပြီး ညွှန်ကြားတဲ့အတိုင်း သံဓာတ်ပါတဲ့ ဆေးတွေသောက်တာနဲ့ သံဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ အသည်းအမြှစ်၊ ဆိတ်သား၊ အမဲသား၊ ပဲအမျိုးမျိုး၊ ခရမ်းချဉ်သီး၊ အာလူး၊ ကန်စွန်းရွက်၊ ဆလတ်ရွက်၊ စပျစ်သီးခြောက် စတာတွေကို စားသုံးပေးသင့်ပါတယ်။ အစာအိမ်ကနေ သံဓာတ်စုပ်ယူမှုအားကောင်းစေတဲ့ ဗီတာမင် စီ ဓာတ်ပါတဲ့ ချဉ်တဲ့အရသာရှိတာတွေ (သစ်သီးဖျော်ရည် အပါအဝင်) စားသောက်သင့်ပြီး၊ သံဓာတ်စုပ်ယူမှု ဟန့်တားစေတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ လက်ဖက်သုတ် အလွန်အကျွံစားတာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် သံဓာတ်စုပ်ယူမှုလျော့ကျစေတဲ့ အစာအိမ်လေနာဆေးတွေကို မိမိသဘောနဲ့ မသောက်ပဲ ဆရာဝန်ပြပြီးမှ ညွန်ကြားသလောက်သာ သောက်သုံးသင့်ပါတယ်။ ကုသမှု အနေနဲ့ သံဓာတ်ပါတဲ့ ဆေးတွေ သောက်နိုင်ပြီး၊ အရေးပေါ်လိုအပ်လာလျှင် အသေအချာစစ်ဆေးပြီး သွေးသွင်းပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာမင်းစိုးဦး ကို ဆက်သွယ်မးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG