သုံးရလွယ်ကူစေသည့် Link များ

တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံမှာ အဓိက ဖြစ်နေပြီး၊ ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ဦးခေါင်းသေးတဲ့ ကလေးတွေ မွေးဖွားပြီး၊ ဒီရောဂါပိုး မြန်မာနိုင်ငံကိုလည်း ကူးစက်လာမှာကို ကျန်းမာရေးပညာရှင်တွေ နဲ့ လူတော်တော်များများ စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ရှိပြီးသားဖြစ်တဲ့ သွေးလွန်တုတ်ကွေးဖြစ်စေတဲ့ ခြင်ကျားကနေ ကူးစက်နိုင်တဲ့ ဒီရောဂါ မြန်မာနိုင်ငံကိုပုံစံနှစ်မျိုးနဲ့ ရောက်လာနိုင်ပါတယ်။ တစ်လမ်းက ရောဂါရှိသူ မြန်မာနိုင်ငံကို နိုင်ငံခြားတိုင်းတပါးကနေ ဝင်ရောက်လာတာဖြစ်ပြီး၊ နောက်တမျိုးက ရောဂါရှိတဲ့ ခြင်ကျား နိုင်ငံခြားကနေ လေယာဉ်၊ ကားရထား၊ သင်္ဘောတွေပေါ် ပါလာပြီး ဝင်ရောက်လာနိုင်ပါတယ်။

ဒါကို ကာကွယ်နိုင်ဖို့အတွက် တိုင်းတပါးနိုင်ငံခြားက ဝင်လာသူတွေမှာ ဒီရောဂါ လက္ခဏာတွေ ရှိမရှိ စောင့်ကြည့်ဖို့နဲ့၊ ဝင်လာတဲ့ လေယာဉ်တွေ၊ ကားတွေမှာ ခြင်ပိုးမွှားတွေ ပါလာမလာ စစ်ဆေးသင့်ပါတယ်။ အဓိက အရေးဆုံးက အခုလို ရောဂါရှိတဲ့သူနဲ့ ခြင်ဝင်လာခဲ့ရင်တောင် ခြင်အကိုက်ခံရမှ နောက်တဦးကို ကူးစက်နိုင်တာမို့ ခြင်အကိုက်မခံရအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။

စောင့်ကြည့်ရမယ့် ဒီရောဂါလက္ခဏာတွေကတော့ ခြင်ကိုက်ခံရပြီး ရက်ပိုင်းအတွင်း ဖျားနာတာ၊ ကိုယ်လက်မအီမသာဖြစ်ကိုက်ခဲတာ၊ အဆစ်အမြစ်နာတာ၊ အနီရောင် အဖုအပိန့်၊ အကွက်တွေပေါ်လာတာနဲ့ မျက်စိနာတာတွေ တွဲပြီးဖြစ်လာတာပါ။ ဒါပေမဲ့ ဒီရောဂါက ဆေးရုံတက်လောက်အောင် ပြင်းထန်လေ့မရှိဘဲ၊ အများစုမှာ ရက်ပိုင်းအတွင်း ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဒီရောဂါဗိုင်းရပ်စ်ပိုး ဝင်လာရင် ဦးနှောက်သေး၊ ဦးခေါင်းသေးတဲ့ ကလေးတွေ မွေးဖွားလာတတ်တာပါ။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ ခြင်အကိုက်မခံရဖို့ အထူးအရေးကြီးပါတယ်။

ဒီရောဂါကို အဓိက ကာကွယ်နိုင်တဲ့ နည်းဖြစ်တဲ့ ခြင်အကိုက်မခံရဖို့ကတော့ သွေးလွန်တုတ်ကွေး မဖြစ်အောင် ကာကွယ်တဲ့နည်းတွေအတိုင်းပဲ ဖြစ်ပါတယ်။ ခြင်ဖြစ်လာမဲ့ ပိုးလောက်လန်းတွေကို ရှင်းနိုင်ဖို့ ခြုံနွယ်ပိတ်ပေါင်းနဲ့ ရေဝပ်တဲ့နေရာတွေကို ရှင်းလင်းပစ်တာအပြင် အိမ်တွေမှာလဲ ခြင်ဥပေါက်ဖွားနိုင်တဲ့ နေရာတွေ မရှိဖို့ ရေရှိတဲ့နေရာတွေကို ဖုံး၊ သွန်၊ လဲ၊ စစ် - ရေအိုးရေကန်တွေကို ဖုံးထားတာ၊ ပိုနေတဲ့ ရေတွေကို သွန်ပစ်တာ၊ ပန်းအိုးထဲကရေတွေကို မကြာခဏ လဲပေးတာ၊ ရေစစ်သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ခြင်အကောင် ဖြစ်လာရင်လဲ ခြင်အကိုက် မခံရအောင် လက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်တာ၊ ခြင်ဆေးလိမ်းတာ၊ ဆေးစိမ်ခြင်ထောင်/လိုက်ကာ သုံးတာတွေ လုပ်ပေးသင့်ပါတယ်။

ဒီရောဂါဗိုင်းရပ်စ်ပိုးအကြောင်း ပိုမိုသိရှိ နားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG