သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ဥနဲ့ ကျန်းမာရေး


ကြက်ဥနဲ့ ကျန်းမာရေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ အလွယ်တကူရပြီး ချက်ပြုတ်စားသောက်နိုင်တဲ့ ကြက်ဥအဆီကြောင့် နှလုံးရောဂါ မဖြစ်စေတာအပြင် ကာကွယ်ပေးနိုင်တာနဲ့၊ ကြက်ဥရဲ့ ပြည့်ဝတဲ့ အာဟာရကြောင့် နလန်ထလူနာတွေ ကိုယ်ခံအား အမြန်တက်ပြီး၊ အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုပါ အားကောင်းစေကြောင်း နောက်ဆုံးတွေ့ရှိထားပါတယ်။

ကြက်ဥ အဆီကြောင့် နှလုံးသွေးကြောကျဉ်းတာနဲ့ အသည်းအဆီဖုန်းတာ ဖြစ်စေနိုင်တယ်လို့ အရင်ယူဆခဲ့ပေမဲ့ နောက်ဆုံးတွေ့ရှိထားချက်တွေအရ ဒီကြက်ဥအဆီမှာ မကောင်းတဲ့အဆီ နည်းနည်းပဲပါပြီး ကောင်းတဲ့အဆီ အများကြီး ပါဝင်တာကြောင့် နှလုံးရောဂါဖြစ်မှုကနေတောင် ကာကွယ်ပေးနိုင်တယ်လို့ ထူးထူးခြားခြား ပြောင်းလဲသွားပါပြီ။

ဒါ့အပြင် ကြက်ဥမှာပါတဲ့ ပြည့်ဝတဲ့ ဗီတာမင်နဲ့ ပရိုတိန်းဓာတ်တွေကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး နာလန်ထလူနာတွေအတွက် မြန်မြန်ပြန်ကောင်းစေနိုင်တာအပြင် ပုံမှန်နေကောင်းနေသူတွေ၊ လူငယ်တွေ အတွက်လည်း ရောဂါပိုးတွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဥမှာပါတဲ့ ဗီတာမင်မျိုးစုံ၊ ပရိုတိန်း (အသားဓာတ်) အပြင် သတ္တုဓာတ်တွေကြောင့်လည်း မှတ်ဉာဏ်ကောင်းစေတာ၊ သူငယ်ပြန်ရောဂါကာကွယ်ပေးတာ၊ စိတ်ဖိစီးမှုနည်းစေတာ၊ မျက်စိအမြင်ကြည်လင်ပြီး မျက်စိရောဂါတွေ (အတွင်းတိမ်၊ မျက်စိမြင်လွှာပျက်စီးမှုနဲ့ ညဖက်မမြင်တဲ့ ကြက်မျက်သင့်ရောဂါ) ကနေ ကာကွယ်ပေးတာ၊ အရိုးနဲ့ သွားတွေကို ခိုင်မာစေပြီး ကြွက်သားတွေကို သန်မာစေတာ၊ အသားအရေစိုပြေပြီး ဆံပင်အားကောင်းစေကာ လူကြီးထိပ်ပြောင်တာကိုလည်း လျော့ချပေးနိုင်တာ၊ ကိုယ်အလေးချိန်လျော့ချရာမှာ အသုံးဝင်တာ၊ ကိုယ်ဝန်ဆောင်မိခင်ရော သန္ဒေသားကိုပါ ကျန်းမာကြံ့ခိုင်စေတာတွေ ဖြစ်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။

ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကြက်ဥကို အစိမ်းစားတာ၊ မကျက်တကျက်စားတော မလုပ်သင့်ပါဘူး၊ အသေအချာ ကျက်အောင် ချက်ပြုတ်စားသုံးသင့်ပါတယ်၊ ရောဂါပိုးမွှားများအနေနဲ့ ကြက်ဥအက်ကြောင်းကနေ ဝင်လာနိုင်လို့ပါ။ ဒါ့အပြင် ဆီးချိုရောဂါရှိထားသူတွေ အနေနဲ့ တစ်နေ့ကို ကြက်ဥ မျှမ်းမျှ တစ်လုံး၊ တစ်ပတ်ကို (၇) လုံးထက်မပိုပဲ စားသုံးသင့်ပြီး၊ ကျန်းမာရေးကောင်းသူတွေအနေနဲ့ တစ်နေ့ ကြက်ဥ (၃) လုံးနဲ့ အထက် စားသုံးနိုင်ပါတယ်။ ကြက်ဥကို ရေရှည်သိမ်းဆည်းရာမှာလည်း ပူလွန်းချိန်တွေမှာ ဖြစ်နိုင်လျှင် ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်ပါတယ်၊ ရောဂါပိုးဝင်လာနိုင်လို့ပါ။ ဒါ့အပြင် သက်တန်းလွန် ကြက်ဥတွေကိုလည်း မစားသုံးသင့်တာမို့ သက်တန်းလွန် ကြက်ဥ ဟုတ်မဟုတ် ရေစိမ်စစ်ဆေးပြီး ရေပေါ်ပေါ်နေလျှင် မစားသုံးသင့်ပါဘူး။

ဒီကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ပိုမိုသိရှိနားလည်စေဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာမင်းစိုးဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG