သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ဦးနှောက်အမြှေးပါးယောင်ခြင်းကြောင့် တက်ခြင်း


အခုလို တက်တဲ့ရောဂါဟာ မွေးကင်းစနဲ့ ငယ်ရွယ်တဲ့ ကလေးတွေမှာ အဖြစ်များပြီး၊ အသက်အန္တရာယ်ကို ထိခိုက်နိုင်တာကြောင့် အထူးသတိပြု စောင့်ကြည့်ဖို့ ကလေးအထူးကုတွေက သတိပေးပြောဆိုကြပါတယ်။ ဦးနှောက်အမြှေးပါးယောင်တာကြောင့် တက်တာကို သေချာသိနိုင်ဖို့ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်ဖို့ လိုပါတယ်။ တက်တဲ့အခါ (၁၀) မိနစ် (၁၅) မိနစ်ကျော်ကြာ ဆက်တိုက်တက်နေတတ်ပြီး၊ တကြိမ်ထက်မက ပိုတက်တတ်ကာ၊ ချက်ချင်းပြန်သတိရလေ့ မရှိပါဘူး။

ဒါ့အပြင် ဦးနှောက်အမြှေးပါးယောင်ရှိတဲ့ ကလေးမှာ ပျှော်ပျော်ရွှင်ရွှင်မရှိ၊ အမြဲတမ်း တငိုငိုတဂျီဂျီ ဖြစ်နေခြင်း၊ အပူချိန်တက်ခြင်း၊ အော့အန်ခြင်း၊ အလင်းရောင်ကို မကြည့်နိုင်ခြင်း၊ ခြေလက်တွေတက်တာနဲ့ ငယ်တဲ့ကလေးတွေမှာ ငယ်ထိပ်ပိုင်း ဖောင်းတင်းလာခြင်း၊ အရွယ်ပိုကြီးတဲ့ ကလေးတွေမှာ ဇက်တောင့်တင်းခြင်း၊ ခြေထောက်ကွေးပြီး ပြန်ဆန့်ရင် မခံမရပ်နိုင်အောင် နာတာတွေလည်း တွေ့ရတတ်ပါတယ်။

ဒီလို လက္ခဏာတွေ ပြသလာရင်တော့ အမြန်ဆေးရုံပို့ပြီး၊ ပဋိဇီဝဆေး နဲ့ ဦးနှောက်အမြှေးပါးအယောင် ကျဆေးတွေနဲ့ ချက်ခြင်း စောစောစီးစီး ထိထိရောက်ရောက် ကုသပေးဖို့လိုပါတယ်။ ဦးနှောက်အမြှေးပါးယောင်တာ မဖြစ်ရအောင် ကာကွယ်ဆေးတွေ ထိုးပေးနိုင်ပါတယ်။ အထူးသဖြင့် (၂) လ၊ (၄) လ၊ (၆) လမှာ ထိုးပေးတဲ့ (၅) မျိုးစပ် ကာကွယ်ဆေးကို နိုင်ငံတော်ကလည်း အခမဲ့ ထိုးပေးနေတာမို့ မဖြစ်မနေ ထိုးပေးဖို့ လိုပါတယ်။ အခြားရော ဘယ်လို ကာကွယ်ဆေးတွေ၊ ဘယ်လို ကာကွယ်မှုတွေ လုပ်ပေးနိုင်ရင် ပိုကောင်းပါလဲ။

ဒီရောဂါလက္ခဏာအကြောင်းတွေကို ပိုမိုသိရှိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG