သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ငယ်လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရမှု ကာကွယ်ရေး


The child of a Cambodian prostitute stands in the doorway of a Phnom Penh slum shack as a group of sex workers play cards to pass the time, in this July 10, 2002 file photo.
The child of a Cambodian prostitute stands in the doorway of a Phnom Penh slum shack as a group of sex workers play cards to pass the time, in this July 10, 2002 file photo.
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ သက်ငယ်အရွယ် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရမှုတွေ များလာတယ်လို့ မှတ်တမ်းသတင်းတွေ ထွက်လာတာကြောင့်၊ ကာကွယ်ရေး အရေးကြီးလာပြီလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။

သက်ငယ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရမှုတွေက မိသားစုနဲ့ ရင်းနှီးသိကျွမ်းပြီးသား အသိုင်းအဝိုင်းကြားမှာ အဖြစ်များနေတာမို့၊ ကလေးတွေကို ကာကွယ်ပေးဖို့၊ မိဘတွေမှာ အထူးတာဝန်ရှိတယ်လို့ ထောက်ပြမှုတွေ ရှိလာနေပါတယ်။ မိန်းကလေး (၂၀%) နဲ့ ယောက်ကျားလေး (၈%) ဟာ အခုလို အဓမ္မပြုကျင့်ခံနေရပြီး၊ မိသားစုဝင်တွေဖြစ်တဲ့ ညီအကိုတွေ၊ ဦးလေးတွေ၊ တဝမ်းကွဲတွေ၊ ပထွေးနဲ့ ရင်းနှီးသိကျွမ်းပြီးသား လူတွေကြောင့် (၆၀%) ဖြစ်ရပြီး၊ မသိတဲ့ လူစိမ်းတွေကြောင့် (၁၀%) အောက်သာဖြစ်တယ်လို့ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။

ဆွေမျိုးအိမ်တွေ သွားလည်ချိန်မှာ အဖြစ်များသလို သိကျွမ်းပြီးသူတွေနဲ့ ထည့်ပေးလိုက်တာကနေ သက်ငယ်တွေကို ရုပ်ရှင်လိုက်ပြ၊ မုန့်ဝယ်ကျွေး၊ အဝတ်အစားဝယ်ပေး၊ စာအုပ်တွေဝယ်ပေးစတဲ့ မြူဆွယ်မှုတွေကနေစကာ၊ ဆံပင်သပ် နမ်းရှုပ်မှု၊ ပွတ်သပ်ကိုင်တွယ်မှု၊ နှိပ်နယ်ခိုင်းမှု၊ ညစ်ညမ်းပုံတွေပြမှု၊ နှုတ်ခမ်းကိုပါ နမ်းလာမှုကနေ လိင်အင်္ဂါတွေ ကိုင်တွယ်မှုအထိဖြစ်လာကာ၊ နောက်ဆုံး မတရားပြုကျင့်တဲ့အဆင့်ကို ရောက်လာတတ်တာပါ။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတချို့မှာလည်း အဲဒီလို ဖြစ်ပွားမှုတွေကို မိဘတွေက တိုင်ကြားလာတာတွေလည်း ရှိလာနေပါတယ်။

အခုခေတ်မှာ အင်တာနက်နဲ့ ဖုန်းကနေ ဆက်သွယ်မြူဆွယ်လာတာတွေလည်း ရှိလာနေတာမို့၊ မိဘတွေအနေနဲ့ ကလေးတွေကို အထူးကြပ်မတ် ၊စောင့်ကြည့်ပြီး အဲဒီလို လိင်ပိုင်းဆိုင်ရာ မြူဆွယ်တာ မခံရအောင် ရင်အုပ်မကွာ စောင့်ရှောက်ပေးတာအပြင်၊ ပညာပေးတာတွေလုပ်ပေးဖို့ အရေးကြီးလာပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေကို ပညာပေးရာမှာ လိင်ပိုင်းဆိုင်ရာ မြူဆွယ်ပွတ်သပ်မှုတွေကို သတိရှိထားဖို့၊ အထူးသဖြင့် နှုတ်ခမ်းနဲ့ လိင်ပိုင်းဆိုင်ရာအင်္ဂါတွေကို နမ်းတာ၊ ထိတွေ့ကိုင်တာတွေ ပေးမလုပ်ဖို့၊ အဲဒီလို ကိုယ်ထိလက်ရောက် ကိုင်တွယ်လာသူတွေ ရှိခဲ့လျင်လည်း မိဘကို ချက်ချင်းတိုင်ကြားဖို့၊ ဘယ်သူနဲ့မှ တစ်ဦးချင်း သီးသန့်တွေ့တဲ့ အနေအထားမရောက်အောင် ကြိုတင်အသိရှိဖို့ သွန်သင်ပေးသင့်ပါတယ်။ ဒါ့အပြင် ဖုန်းနဲ့အင်တာနက်က လိင်ပိုင်းဆိုင်ရာမြူဆွယ် ဆက်သွယ်လာသူတွေ ရှိမရှိကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တဲ့ အနေအထားဖန်တီးပြီး၊ စောင့်ကြည့်ဖို့ လိုပါတယ်။

ဒါ့အပြင် ကျောင်းနဲ့လူမှုအဖွဲ့အစည်းတွေအနေနဲ့လည်း မိဘတွေကို ဒီ အသိတွေရှိလာအောင် ပညာပေးတာအပြင်၊ ကလေးငယ်တွေအပေါ် မတရားကျူးလွန်မှုတွေ မဖြစ်အောင် အားနွ့ဲတဲ့ကလေးတွေကို စောင့်ကြည့်ကူညီပေးတာနဲ့၊ ကျူးလွန်နေသူတွေကို စောင့်ကြည်၊့ဖော်ထုတ် အရေးယူနိုင်ရေး ဝိုင်းကြိုးပမ်းပေးသင့်ပါတယ်။ အခုလို သက်ငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကိုလည်း အရပ်ထဲမှာ အများသိအောင် အသိပေးပြီး၊ ကြိုတင် သတိပြုရှောင်ရှားနိုင်ဖို့ ကူညီပေးသင့်ပါတယ်။ ဟော်တယ်တွေအနေနဲ့လည်း မိဘမဟုတ်သူတွေအနေနဲ့ ကလေးငယ်တွေကို ခေါ်လာတာမျိုးကို စစ်ဆေး တားဆီးပေးသင့်ပါတယ်။ အစိုးရအနေဖြင့်လည်း ဒီမတရား ပြုကျင့်သူတွေအပြင်၊ စမြူဆွယ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု စလုပ်လာသူတွေကိုပါ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG