သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်ကွင်းညိုခြင်း


မျက်ကွင်းညိုခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မျက်ကွင်းညိုခြင်းက အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်လေ့ရှိပြီး၊ ညိုတာ သက်သာအောင် ကုသနိုင်တဲ့ နည်းတွေရှိတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

မျက်ကွင်းညိုတာက မြင်ရလွယ်တဲ့ မျက်နှာက မျက်လုံးအောက်မှာ ဖြစ်တာမို့ သိသာလွန်းပြီး အကြည်ရဆိုးတတ်ပါတယ်။ မျက်ခွံပေါ်နဲ့အောက်က အရေးပြား ပျော့ပြီး ပါးလွန်းတာကြောင့် အောက်က သွေးပြန်ကြောရှိ ကာဘွန်ဒိုင်အောက်ဆိုဒ်များတဲ့ ပြာပြာညိုညိုသွေးတွေကို တန်းမြင်စေကာ အခုလို မျက်တွင်းညိုတာ ဖြစ်လာရတာပါ။ မျက်ကွင်းညိုတာ အဖြစ်ကြာလာတာနဲ့အမျှ သွေးပြန်ကြောထဲက သွေးအနည်းငယ်ပါ သွေးပြန်ကြောအပြင်ကို စိမ့်ထွက်လာတာတာကြောင့် အညိုရောင် ပိုဖြစ်လာတတ်ပါတယ်။ ဒီ မျက်တွင်းညိုခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း (၃) ရပ်ရှိပါတယ်။ မျိုးရိုးလိုက်တာ၊ မျက်ခွံအောက်မှာ အရည်နဲ့အဆီစုတာနဲ့ အသက်ကြီးလာတာတွေကြောင့်ပါ။ မိသားစုထဲမှာ မျက်ကွင်းညိုတဲ့သူရှိရင် မျက်တွင်းညိုတာ ဖြစ်ဖို့များပါတယ်။ မျက်ခွံအောက်မှာ အရည်နဲ့အဆီစုတာကြောင့် နည်းနည်းဖောင်းလာပြီး အရေပြားကလည်း ပါးလွန်းတာကြောင့် ခေါင်းပေါ်က အလင်းရောင် အရိပ်ကျလာချိန်မှာ မျက်တွင်းပိုညိုသလို ဖြစ်လာတတ်တာပါ။ အသက်အရွယ်အိုမင်းလာချိန်မှာလည်း မျက်လုံးတဝိုက်ရှိ အရေပြားက ပိုပါးလာပြီး၊ တွဲကျလာကာ တွန့်လာတာကြောင့် မျက်ခွံအောက်မှာ ဖောင်းကာ ပိုညိုလာတတ်ပါတယ်။

အထက်ပါ အဓိက အကြောင်းရင်း (၃) ရပ်အပြင် မျက်ကွင်းညိုစေတဲ့ အခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ တစ်ခုကတော့ အရေပြားဓာတ်မတည့်တာကြောင့်ပါ။ အရေပြား ဓာတ်မတည့်တာ ဖြစ်တတ်သူတွေ (ယားနာဖြစ်တတ်သူ၊ ပန်းနာရင်ကြပ်နဲ့ မကြာခဏ နှာချေသူတွေ) မှာ ယားပြီး မကြာခဏ မျက်လုံးပွတ်မိရာကနေ အခုလို မျက်တွင်းညိုတာ ပိုဖြစ်လာစေတာပါ။ အိပ်ရေးပျက်တာ၊ ရေသောက်နည်းတာနဲ့ အစားအသောက်တွေကြောင့် မျက်တွင်းညိုတာ တိုက်ရိုက်ဖြစ်ဖို့ နည်းပေမဲ့၊ ဒါတွေကြောင့် ပင်ပန်းနွမ်းနယ်လာလျှင်တော့ မျက်တွင်းညိုတာ တဆင့်သဘောမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ထိခံရတာ များလွန်းပြီး နေလောင်ခံရသူတွေ၊ ကိုယ်ဝန်ရင့်လာသူတွေနဲ့ မီးယပ်သွေးပေါ်နေချိန်တွေမှာလည်း အရေပြားက ပိုပျော့ပိုပါးသွားပြီး မျက်တွင်းညိုတာ ဖြစ်လာနိုင်ပါတယ်။ သွေးကြောကျယ်စေတဲ့ဆေးသောက်နေသူတွေမှာလည်း မျက်ခွံအောက်က သွေးကြောတွေပါ ပိုကျယ်လာတာကြောင့် မျက်ကွင်းညိုနိုင်ပါတယ်။

ကုသမှုနှင့် ပတ်သက်လျှင်တော့၊ ဒီ မျက်ကွင်းညိုတာ အဓိက ဖြစ်ရခြင်းအကြောင်းရင်းတွေဖြစ်တဲ့ မျိုးရိုးလိုက်တာ၊ မျက်ခွံအောက်အရည်စုတာနဲ့ အသက်ကြီးလာတွေကို လုံးဝ ရှင်းရှင်း ပျောက်ကင်းအောင်မလုပ်နိုင်ပေမဲ့၊ ဒီညိုလာတာကို သက်သာလာအောင်တော့ ကုသပြုပြင်ပေးနိုင်ပါတယ်။ သစ်သီး Acid ပါတဲ့ သစ်သီး အဆီ (Cream) တွေ (ဥပမာ - သံပုရာသီး၊ ရှောက်သီးစတာတွေမှာပါတဲ့ Alpha Hydroxy Acid) လိမ်းတာ၊ နေရောင်ကာ အဆီတွေပါ တွဲလိမ်းပေးတာ၊ ဗီတာမင် စီ ပါတဲ့ အဆီ (Cream) နဲ့ အရည် (Serum) ရောလိမ်းပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ဒီနည်းတွေက အများကြီး အထောက်အကူပြုပါတယ်။ ဒါ့အပြင် အခုနောက်ဆုံးပေါ်ဖြစ်တဲ့ Stem Cell လို့ခေါ်တဲ့ Serum အရည်တွေကလည်း အသားအရေ ပိုနူးညံ့စေပြီး၊ အသစ်ပေါ်တာကိုလည်း အားပေးတာကြောင့် တွဲလိမ်းပေးနိုင်ပါတယ်။ စက်နဲ့ကုသမှုအဖြစ်လည်း Carboxy Therapy အဖြစ် မျက်ခွံအောက်ကို ကာဘွန်ဒိုင်အောက်ဆိုဒ် ဆေးထိုးပေးကာ အောက်ဆီဂျင်နဲ့ လဲလှယ်ပေးခြင်းဖြင့် ညိုတာကို သက်သာစေနိုင်ပါတယ်။

အိမ်တွင်းကုသမှုအနေနဲ့လည်း သခွားသီးအကွင်းလိုက်ကို မျက်ခွံမှာ ကပ်ပြီး အိပ်တာ၊ ကြိုးပါတဲ့လ္ဘက်အချိုခြောက်အိပ်လေးကို ရေစိမ်ပြီး မျက်လုံးမှာ ကပ်ပေးတာ၊ အရောင်ပါတဲ့ မျက်မှန်တပ်ပြီး တစုံတရာ ကာပေးတာ၊ မိတ်ကပ် ကွန်ဆီလာ (Concealer) လိမ်းပြီး ကာတာ (မလိမ်းခင် စိုစွတ်စေတဲ့ Moisturizer ပါတဲ့ မျက်လုံးအဆီ ကောင်းကောင်းကို မျက်ကွင်းတဝိုက် အောက်ခံအဖြစ်လူးပေးသင့်ပြီး၊ လိမ်းပြီးနောက်မှာလည်း အပေါ်က ဖောင်ဒေးရှင်းတို့လိမ်းကာ၊ နောက် မိတ်ကပ်ထပ်လူးပေးတာမျိုး) တွေ လုပ်ပေးခြင်းဖြင့် ဒီ ညိုတာကို သက်သာစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ကလည်း၊ ဒီ အဓိက ဖြစ်ရခြင်းအကြောင်းရင်းဖြစ်တဲ့ မျိုးရိုးလိုက်တာ၊ အသက်ကြီးတာတွေက ကာကွယ်လို့ မရတာမို့၊ အများစုကို ကာကွယ်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG