သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး နဲ့ အသက်အန္တရာယ် လျှော့ချရေး


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ ဒီနှစ်ထဲအတွင်း သွေးလွန်တုပ်ကွေးမှာ ကပ်ရောဂါအသွင် ဖြစ်လာတာကြောင့် အသက်အန္တရာယ် မဖြစ်အောင် ကြိုတင်ပြင်ဆင်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

ဒီရောဂါကြောင့် အသက်မဆုံးရှုံးရအောင် ပထမအဆင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေး စဖြစ်တဲ့ အဆင့်လက္ခဏာတွေကို သိထားပြီး စနစ်တကျ စောင့်ကြည့်ကုသသင့်ပါတယ်။ သိနိုင်တဲ့ လက္ခဏာတွေကတော့ ရုတ်တရက် အပြင်းအဖျားတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ၊ ကြွက်သားအဆစ်အမြစ်တွေ အလွန်ကိုက်ခဲတာ၊ ပျို့အန့်တာနဲ့ ကိုယ်ပေါ်မှာ အနီစက်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီအဆင့်က (၃) ရက်ကနေ (၅) ရက်အထိကြာပြီး ပြန်ကောင်းသွားနိုင်ပါတယ်။

ဒါပေမဲ့ ပြန်မကောင်းရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ သွေးယိုတဲ့အဆင့် လက္ခဏာတွေကို သတိထားစောင့်ကြည့်ပြီး ချက်ချင်းဆေးရုံတင်ဖို့လိုပါတယ်။ ဒီလက္ခဏာတွေကတော့ နှာခေါင်းသွေးယိုတာ၊ သွားဖုံးသွေးယိုတာ၊ သွေးအန်တာ၊ ခန္ဓာကိုယ်အတွင်း သွေးယိုတာ (ဦးနှောက်သွေးယိုတာ အပါအဝင်) တွေ ဖြစ်ပါတယ်။

တတိယအဆင့်ဖြစ်ပြီး အသက်အန္တရာယ်ကြီးတဲ့ သွေးလန့်တဲ့အဆင့် မတိုင်ခင်လေးမှာတော့ သွေးခုန်နှုန်းမြန်လာတာ၊ တခါတရံ လက်ကောက်ဝတ်သွေးခုန်နှုန်း လက်နဲ့ စမ်းမမိတာ၊ ရုတ်တရက် အဖျားကျပြီး ခြေဖျားလက်ဖျားအေးလာတာတွေ ဖြစ်ပါတယ်။ စဖျားပြီး (၃) ရက် (သို့မဟုတ်) (၅) ရက်မြောက်နေ့မှာ အခုလို ဖြစ်တတ်ပါတယ်။ ဒီအဆင့်မှာ အမြန်ဆုံးဆေးရုံတင်ဖို့ အရေးကြီးပါတယ်။

လုံးဝ သွေးလန့်တဲ့အဆင့်ရောက်သွားရင်တော့ လက်ကောက်ဝတ် သွေးခုန်နှုန်းစမ်းမရတော့တာ၊ သတိလစ်တာ၊ တက်တာနဲ့ သွေးပေါင်ချိန် စမ်းမရတော့တာတွေ ဖြစ်လာပါတယ်။ ဒီအဆင့်မှာတော့ သေရေးရှင်ရေးအဆင့် ဖြစ်တာမို့ အရေးပေါ်ဆေးရုံတင်ဖို့လိုပါတယ်။

ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့ ခြင်ပိုးလောက်လန်း နှိမ်နင်းနည်းတွေဖြစ်တဲ့ ဖုံး (ရေကြည်ရေသန့် သိုလှောင်တဲ့ အိုးတွေဖုန်းထားတာ)၊ သွန် (ရေစည်အိုး၊ ညောင်ရေအိုးတို့ကို သုံးရက်တကြိမ် သွန်ပေးတာ)၊ လဲ ( ပိုးလောက်လန်းရှိတဲ့ ညောင်ရေအိုးတွေက ရေလဲပေးတာ)၊ စစ် (ပိုးလောက်လန်းရှိရင် ရေစစ်သုံး စစ်ထဲ့တာ)၊ လောင်း (ရေတင်နိုင်တဲ့နေရာမှာ ရေနံဆီ၊ အင်ဂျင်ဝိုင်လို ပိုးသတ်ဆေးလောင်းထားတာ)၊ ထောင် (ခြင်ထောင်နဲ့အိပ်တာ)၊ ခပ် (ရေစည်ထဲပိုးလောက်လန်းတွေ့ရင် ရေစစ်နဲ့ ခပ်ထုတ်ပစ်တာ) ဖွင့် (ခြင်မခိုနိုင်အောင် အလင်းရောက်ကောင်းအောင် ပြူတင်းပေါက်ဖွင့်ထားတာ)၊ မြုပ် (ရေတင်နိုင်တဲ့ တာယာစုတ်၊ နို့ဆီခွက်၊ အုံးမှုတ်ခွက်တွေကို မြုပ်ပစ်တာ၊ ရေအိုင်တွေဖို့ပေးတာ)၊ ရှင်း (အိမ်ထဲ ပရိဘောဂတွေကြား ခြင်ခိုနိုင်တဲ့ နေရာတွင်ရှင်းပစ်တာ) နဲ့ မှုတ် (ခြင်ဆေးဖြန်းမှုတ်တာ) တာတွေ လုပ်ပေးသင့်ပါတယ်။

အခုနောက်ပိုင်းမှာလဲ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သွေးလွန်ုတုပ်ကွေး ကာကွယ်ဆေး သုံးဖို့ ခွင့်ပြုထားပြီးဖြစ်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG