သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေထောက် သွေးပြန်ကြောပိတ်ရောဂါ


ခြေထောက်မှာ အများစုဖြစ်တဲ့ အတွင်းပိုင်း သွေးပြန်ကြောကြီးများ ပိတ်တဲ့ရောဂါဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ခြေထောက် သွေးပြန်ကြောပိတ်ရောဂါဟာ ခြေထောက် လှုပ်ရှားမှုနဲလာချိန်မှာ ခြေထောက်ကသွေးကို နှလုံးသို့ ပြန်ပို့မှုနည်းလာပြီး သွေးတွေခဲလာတာကြောင့် ဖြစ်လာရတာပါ ဒီရောဂါအဖြစ်များသူတွေကတော့ ဆေးရုံမှာ ခွဲစိတ်မှု ခံယူပြီး ကုတင်ပေါ် အကြာကြီး အိပ်နေရသူတွေ၊ လေယာဉ်အကြာကြီး စီးရသူတွေမျိုး၊ အလုပ်အကြာကြီး ထိုင်လုပ်ရသူမျိုး အကြာကြီး ထိုင်ရသူတွေ၊ ကင်ဆာ၊ လေဖြတ်ရောဂါလိုမျိုး နာတာရှည်ရောဂါဖြစ်ပြီး လှုပ်ရှားမှုနည်းလာသူတွေပါ။

ဒီရောဂါကို အချိန်မီ မကုသနိုင်ရင်တော့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အဆုပ်သွေးကြောပိတ်တာအထိ ဆက်ဖြစ်သွားနိုင်ပါတယ်။ အခုလို နောက်ဆက်တွဲ အသက်အန္တရာယ် မထိခိုက်ရအောင် ကြိုတင်သိနိုင်ဖို့ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ ပိတ်တဲ့သွေးပြန်ကြောနေရာမှာ နာလာတာ၊ ဖောရောင်လာတာ၊ အပူချိန်တငွေ့ငွေ့ တက်လာတာတွေ ဖြစ်ပါတယ်။ တခါတရံလဲ လက္ခဏာမပြဘဲ သွေးခဲတာ ဖြစ်လာတတ်ပါတယ်။

အထက်ပါ လက္ခဏာတွေ ပြလာရင်၊ သံသယ ရှိလာခဲ့ရင်တော့ သွေးခဲမခဲ သေချာအောင် ဆေးရုံ၊ ဆေးခန်းပြပြီး စမ်းသပ်၊ စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒီရောဂါသေချာရင်တော့ ကုသမှုအတွက် သွေးကျဲဆေး (သို့မဟုတ်) သွေးမခဲဆေးတွေကို ထိုးဆေးနဲ့စပြီး သောက်ဆေးနောက်မှလိုက်ကာ အမြန်ပေးသင့်ပါတယ်။ နောက်ဆက်တွဲ အသက်အန္တရာယ် မဖြစ်ရအောင်ပါ။ ကာကွယ်နိုင်ဖို့အတွက်လဲ ရုံးမှာထိုင်လုပ်ရသူတွေအနေနဲ့ တစ်နေကုန်ထိုင်မနေဘဲ ခြေထောက်ကြွက်သား လှုပ်ရှားမှုကို နေ့စဉ်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် သွေးခဲမှုနှုန်း မြင့်မားသူတွေ၊ သွေးပြစ်နေသူတွေ အနေနဲ့လည်း အထက်ပါလက္ခဏာတွေ စပြလာရင် ဒီရောဂါဖြစ်နိုင်တာမို့ အမြန် စမ်းသပ်စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG