သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးဌာန စစ်ဘက်အရာရှိတွေခန့်အပ်မှု ဖဲကြိုးမည်းလှုပ်ရှားမှုနဲ့ ကန့်ကွက်


မြန်မာနိုင်ငံမှာ တပ်မတော် အရာရှိတချို.ကို ကျန်းမာရေးဌာနရဲ့ အရပ်ဖက် အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်မှုအတွက် ဆရာဝန်အတော်များများက ကန့်ကွက်တဲ့အနေနဲ့ Black Ribbon Campaign လို့ ခေါ်တဲ့ အမည်းရောင်ဖဲပြား တပ်ဆင်လှုပ်ရှားမှုကို ဒီကနေ့ စတင်ဖို့ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနက ဒုဗိုလ်မှူးကြီး ခင်မောင်သန်း၊ ဗိုလ်မှူး ဇော်မိုးမြင့်နဲ့ ဗိုလ်မှူး Dr. ရန်နောင်ထွန်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန စီမံ ကုသရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဒုညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်တွေ မကြာခင်က ခန့်အပ်တဲ့အပေါ် ခုလိုဆန္ဒထုတ်ဖေါ်ကန့်ကွက်ကြမှာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒီလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်တဲ့ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးကို ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့၊ ဆရာရေ၊ အခု ကျနော်တို့မြန်မာနိုင်ငံမှာ တပ်မတော်ဘက်က အရာရှိတွေကို အရပ်ဘက် ကျန်းမာရေးဝန်ကြီးဌာနတွေကို ပြောင်းရွှေ့ ခန့်ထားတာနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ဆရာဝန်တွေအသိုင်းအဝိုင်းမှာပေါ့နော်၊ မကျေမနပ် ဆန္ဒထုတ်ဖော်မှုတွေလုပ်မယ်လို့ ကြားရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါ။

ဆရာဝန်တဦး ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ စစ်/ဆေးတက္ကသိုလ်ဆိုတာ ရှိတယ်ဗျ။ နောက်ပြီးတော့ အရပ်ဘက်က ဆေးတက္ကသိုလ်တွေ ရှိတယ်ပေါ့နော်။ အရပ်ဘက်ဆေးတက္ကသိုလ်တွေက ကျန်းမာရေး ဝန်ကြီးဌာနအောက် က ဆေးရုံတွေမှာပဲ တာဝန်ထမ်းဆောင်ကြတယ်ပေါ့နော်။ စစ်တပ်က စစ်/ဆေးတက္ကသိုလ်ဖွင့်တာကျတော့ သူ့စစ်တပ်အတွက်ပဲ သီးသန့် မွေးထုတ်ထားတဲ့ တက္ကသိုလ်ပေါ့နော်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အပေါ်ပိုင်းလူကြီးနေရာတွေကို ကျန်းမာရေး ဝန်ကြီးအသစ် ဦးသန်းအောင်ပေါ့- ယူနီဖောင်းချွတ်ထားတဲ့ဦးသန်းအောင်က ပြောင်းလာပြီးတဲ့ နောက်ပိုင်းမှာ တပ်ကလူတွေကို အရပ်ဘက်မှာ အစားထိုးတဲ့ပုံစံ ဖြစ်သွားတယ်ဗျ။ အဲဒါကို မကျေနပ်ကြတာပေါ့။ အရပ်ဘက်ကလူတွေပဲ တက်ရမယ်ပေါ့။ သူသူကိုယ်ကိုယ် ကိုယ်ချင်းစာရမှာပေါ့နော်။ အဲဒါ နံပါတ်(၁) အချက်ပေါ့။ နံပါတ် (၂) အချက်က ဒီ စစ်/ဆေးက မဟုတ်ဘဲနဲ့ ရိုးရိုးဘွဲ့တွေ၊ DSA ဘွဲ့တွေ- အဲဒီဘွဲ့တွေကို ဆေးရုံတွေမှာ ဆေးရုံအုပ်ခန့်တာတို့၊ တပ်မှူးခန့်တာတို့ကို ဝင်ခန့်လိုက်တဲ့အခါကျတော့ ပိုဆိုးကုန်တာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးဘက်က ဆရာဝန်တွေက မကျေနပ်တဲ့အတွက် ငြိမ်းချမ်းစွာ ဖဲကြိုးအမည်းကို စတင်တပ်ဆင်ပြီးတော့ ဆန္ဒဖော်ထုတ်မှာပေါ့နော်။ ဒါပါပဲခင်ဗျ။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့။ အခုလိုမျိုး တပ်ဘက်ကနေပြီးတော့ပေါ့နော်-အရပ်ဘက်ဝန်ကြီးဌာနတွေကို ပြောင်းရွှေ့တာတွေ၊ ကျန်းမာရေးဌာနတခုတည်းတင်မဟုတ်ဘဲနဲ့ တော်တော်များများမှာ အရင်က ဖြစ်ခဲ့ပါတယ်။ အခုကျမှ ဘာ့ကြောင့် အခုလိုဖြစ်လာရတာလဲ။

ဆရာဝန်တဦး။ ။ အရင်တုန်းက ယူနီဖောင်းကိုအရင်ချွတ်တယ်ဗျ။ အရင်ချွတ်ပြီးတော့မှ တိုးတိုးတိတ်တိတ် နောက်ဖေးပေါက်ကဝင်တော့ လူမသိဘူးပေါ့ဗျာ။ အခုကျတော့ ဟိုဘက်က ရာထူးတွေကို မချွတ်ဘဲနဲ့ ပုခုံးပေါ်ကအပွင့်ကို မဖြုတ်သေးဘဲနဲ့ ဒီဘက်ကို အမိန့်ပြန်တမ်းထုတ်တဲ့ပုံစံမျိုး ထွက်လာတဲ့အတွက် အခုလို လူသိသွားတာပါ။ ဒါကြောင့်မို့လို့လည်း အခုလောက်ထိ ကြီးကျယ်သွားတာပါ။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ၊ အခုလိုအခြေအနေမျိုးမှာ တပ်မတော်ဘက်ကနေပြီး ဘာကြောင့် ပြောင်းရွှေ့တာတွေရော လုပ်ရတာလဲ။

ဆရာဝန်တဦး။ ။ နဂိုရ်တည်းကိုက ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်က ဆရာဝန်စစ်စစ်ပါ။ ဒေါက်တာဖေသက်ခင်ကို ဖြုတ်ပြီးတော့ ဒီဘက်က တပ်ဘက်က လက်ရှိဝင်နေတဲ့ ယူနီဖောင်းဝတ်ကို ကျန်းမာရေးဝန်ကြီးဘက်ကို ပြောင်းပြီးတော့ လုပ်လိုက်ကတည်းက ကျနော်တို့ကတော့ ထင်ထားပြီးသားပါ။ တနေ့ဖြစ်လာတော့မယ် ဆိုတာကို ကျနော်တို့က တွက်ထားပြီးသားပါ။ ဒါပေမယ့် အခုမှတော့ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာပေါ့လေ။ ဒါကို ကျနော်တို့ဆရာဝန်တွေဘက်ကသိတဲ့အတွက် ဖဲကြိုးအနက်ကို ရင်ဘတ်မှာတပ်ဆင်ပြီးတော့ ဆန္ဒဖော်ထုတ်ရမှာပါ။ ကျန်တဲ့ ဆေးရုံကိုလာမဆင်းတာတို့၊ လူနာကိုလာမကုတာတို့၊ လမ်းမပေါ်ထွက်ဆန္ဒပြတာတို့ အဲဒါတွေ လုပ်မှာမဟုတ်ပါဘူးချင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လက်ထဲမှာရှိနေတဲ့လူနာတွေက အသက်တွေနဲ့ဗျ။ သူတို့ကို မကျေနပ်လို့ သပိတ်မှောက်ပြီး လူနာတွေကို ဆေးမကုဘူး၊ ဆေးရုံမလာဘူး၊ ဒါမျိုးတွေလုပ်လိုက်လို့ရှိရင် နစ်နာမှာက ပြည်သူတွေ ဖြစ်နေတယ်ဗျ။ ဒီလိုမျိုးအနေအထားမျိုးရောက်အောင်တော့ ကျနော်တို့ လုပ်မှာမဟုတ်ပါဘူး။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့၊ဆရာ၊ အခု ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ အရင်လှုပ်ရှားမှုတွေနဲ့ ယှဉ်လိုက်ရင်ပေါ့နော်။ ထူးခြားမှုရော ရှိတာတွေ့ရလားဆရာ။

ဆရာဝန်တဦး။ ။ အခုတခေါက်ထူးခြားတာက ခေါင်းဆောင်ဆိုတာ မရှိဘူးဗျ။ အားလုံးကခေါင်းဆောင်၊ အားလုံးက နောက်လိုက်။ အားလုံးက ကိုယ့်အရေးလို့သဘောထားပြီး အားလုံး လုပ်ကြတယ်ဗျ။ စည်းစည်းလုံးလုံးပေါ့နော်၊ အခုလို ဆေး (၁) တွေ၊ ဆေး (၂) တွေ၊ ဆေး (မန်း)တွေ၊ ဆေး (မကွေး) တွေ၊ ဆေး (တောင်ကြီး) တွေ၊ သွား (ဆေး) တွေ အဲလိုတွေ ခွဲမနေတော့ဘူးဗျ။ ကျန်းမာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ဆရာဝန်အားလုံးက တပ်ဘက်နေပြီးတော့ ပြောင်းရွှေ့လာတဲ့ဟာတွေ အားလုံးကို မည်သူမည်ဝါဖြစ်ပစေ၊ လက်မခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲ ဆန္ဒဖော်ထုတ်ပြီးတော့ ကန့်ကွက်မှာဖြစ်ပါတယ်။ စစ်/ဆေး လာလို့ ပြောတာလည်း မဟုတ်ပါဘူး။ အဓိက-ကတော့ “စစ်သား” လာလို့ ကျနော်တို့ ကန့်ကွက်တာပါ။ facebook ပေါ်မှာလူစုပြီးတော့ သူ့ဟာသူ ဖြစ်သွားကြတာဗျ။ အထူးသဖြင့် လူငယ်တွေပိုပြီး တက်ကြွစွာပါဝင်လာတာတွေ့လို့ ကျနော်တို့က ပိုပြီးဝမ်းသာတယ်ဗျ။ ကိုယ့်အသွေးထဲက၊ ကိုယ့်အသားထဲက ဒါသည်-မတရားဘူး၊ ဒါသည်-မဖြစ်သင့်ဘူး-ဆိုတဲ့ပုံစံမျိုးနဲ့ဝင်လာတာ။ အခု ဒီနေ့မှာ ဆိုရင် ကျနော် နာမည်တပ်မပြောချင်တဲ့ ဆရာဝန်ကြီး တော်တော်များများ ဆမ နံပါတ်ပါ ဖော်ထုတ်ပြီးတော့ ကန့်ကွက်တဲ့ထဲမှာ ပါလာပါတယ်။ facebook ပေါ်တက်လာပါတယ်။ ဒါ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ့် စာရေးဆရာ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေ၊ ကြီးကြီးပိုင်းက လူကြီးတွေ တော်တော်များများပါ ပါလာပါတယ်။ ဒါသည် ကျနော်တို့ရဲ့မြန်မာ့ ဆေးလောကအတွက်ကော၊ မြန်မာပြည်သူတွေအတွက်ကော၊ ဒီမိုကရေစီဘက်တော်သားတွေအတွက်ကော တကယ်အားရစရာကောင်းတဲ့ အဖြစ်အပျက်လေးတခုပါ။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဆရာ။ အခုဟာကတော့ ဆေးတပ်၊ ဒါမှမဟုတ် စစ်/ဆေး တက္ကသိုလ်က ဆင်းတဲ့သူဆိုရင်တော့ နည်းနည်း တော်သေးတာပေါ့။ အခုဟာက ဆေးတပ်ကလည်းမဟုတ်ဘူး။ စစ်/ဆေးတက္ကသိုလ်က ဆင်းတဲ့လူလည်း မဟုတ်တဲ့လူလည်း ပါတဲ့အတွက် ပိုပြီးတော့ ခံပြင်းတာပေါ့နော်။

ဆရာဝန်တဦး။ ။ ပါတယ်ဗျ။ ပါတယ်ဗျ။ ကျနော်တို့ စစ်/ဆေးကို ကန့်ကွက်တာ မဟုတ်ပါဘူး။ စစ်တပ်က စစ်သားတွေဝင်လာတာကို ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေက ကန့်ကွက်တာပါ။ အဲဒါလေးတော့ ရည်ရွယ်ချက်လေး မပြောင်း၊ မပျောက်သွားစေချင်ပါဘူးဗျ။ ဒါလေးက အဓိက ပါပဲ။ ဒီကိစ္စကလည်း လွှတ်တော်တွေ၊ ဘာတွေမှာ တင်ပြပြီးတော့ ပယ်ပျက်သွားနိုင်တဲ့လမ်းကြောင်းလည်း ရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ အခုလို ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်။

XS
SM
MD
LG