သုံးရလွယ်ကူစေသည့် Link များ

ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး သေဆုံးမှုလျှော့ချရေး


FILE - A diabetic checks his blood sugar level.
FILE - A diabetic checks his blood sugar level.
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါဖြစ်နှုန်းက ၂၀၁၄ ခုနှစ် စစ်တမ်းအရ အသက် (၂၅) နှစ်ကနေ (၆၄) နှစ်အတွင်းဖြစ်တဲ့ အရွယ်ရောက်ပြီး လူဦးရေရဲ့ (၁၀.၅)% အထိရှိနေပြီး၊ လူ (၁၀) ယောက်မှာ အနည်းဆုံး (၁) ယောက်နှုန်းနဲ့ အဖြစ်များနေကာ၊ ဆီးချိုရောဂါရဲ ပ နောက်ဆက်တွဲရောဂါတွေနဲ့ သေဆုံးမှုလည်း ပိုများလာနေတယ်လို့ ဆီးချိုအထူးကုတွေက သတိပေးပြောဆိုကြပါတယ်။

ဆီးချိုအဖြစ်များရခြင်းအကြောင်းရင်းကတော့ ဆီးချိုဖြစ်ဖို့ အန္တရာယ်တွေ (Risk Factors) မြန်မာနိုင်ငံမှာ အလွန်ကို အဖြစ်များနေလို့ပါ။ အဓိက အန္တရာယ်ကြီး (၄) ခုရှိရာမှာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားသောက်နေထိုင်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ ဆေးလိပ်နဲ့ဆေးရွက်ကြီး သောက်သုံးမှုမြင့်မားတာနဲ့ အရက်ကို အန္တရာယ်ဖြစ်လောက်အောင် သောက်တာတွေပါပါတယ်။

၂၀၁၄ ခုနှစ် မြန်မာတနိုင်ငံလုံးမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ၊ မြန်မာနိုင်ငံလူဦးရေ (၅၁) သန်းထဲက အနည်းဆုံး (၂.၅) သန်းမှာ ဆီးချိုရှိထားပြီးဲဖြစ်နေကာ၊ ဒီအထဲက အများစုဖြစ်တဲ့ (၇၅)% က ဆီးချိုရောဂါရှိနေမှန်း မသိကြပါဘူး။ ပိုဆိုးတာက ဆီးချိုရှိထားပြီးသူတွေရဲ့ (၅၀)% မှာလည်း သေကျေစေတဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ ကင်ဆာ စတာတွေ ရှိထားပြီးသား ဖြစ်နေတာကို စစ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီစစ်တမ်းအရ ဆီးချိုမဖြစ်ခင်အဆင့်ဖြစ်တဲ့ ကနဦးဆီးချိုအဆင့် (Prediabetes) ရှိနေသူတွေကလည်း၊ မြန်မာ့လူဦးရေရဲ့ (၁၉.၇)% ဖြစ်တဲ့ လူ (၁၀) ယောက်မှာ (၂) ယောက်နှုန်းနဲ့ လူပေါင်း (၅) သန်းကျော်အထိ များလွန်းနေကာ၊ အများစုက ခုလိုအဆင့်ဖြစ်နေတာကို မသိကြပါဘူး။ ဒီ (၅) သန်းထဲက အနည်းဆုံး သုံးပုံတစ်ပုံဟာ နောက် (၅) နှစ်အတွင်း ဆီးချိုရောဂါ ဖြစ်လာဖို့ရှိနေတာအပြင်၊ ဒီကနဦးဆီးချိုအဆင့်ရှိထားသူတွေအနေနဲ့ ဆီးချိုမဖြစ်လာသေးလျှင်တောင် ပုံမှန်ကျန်းမာနေသူတွေထက် သေကျေစေနိုင်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ဖို့ (၂) ဆ ပိုများနေပါတယ်။ ဒါကြောင့်မို့ ဆီချိုဖြစ်နေသူနဲ့ ကနဦးအဆင့်ရှိနေသူအများစုဟာ ခုလိုရှိနေမှန်းမသိတာအပြင် ဆီးချိုရဲ့နောက်ဆက်တွဲရောဂါတွေကိုလည်း နောက်ကျမှ သိရကာ၊ ဒီနောက်ဆက်တွဲတွေနဲ့ သေဆုံးမှုများနေပြီး၊ ဒီအတိုင်းဆက်သွားလျှင် နောက်လာမဲ့နှစ်တွေထဲမှာ အကြီးအကျယ်ပိုဆိုးလာမှာ စိုးရိမ်ရပါတယ်။

ဒါကြောင့် ရှေ့မှာ ပိုဆိုးမလာခင် ဒီ ဆီချိုဖြစ်နှုန်း သေနှုန်းလျော့ချနိုင်ဖို့ ကာကွယ်ရေးအဆင့် (၃) ဆင့်လုပ်ဖို့လိုပါတယ်။ ပထမအဆင့်အနေနဲ့ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်တွေ (Risk Factor) ရှိသူတွေကို ရှာဖွေပြီး ဒီ Risk Factors တွေနဲ့ ဆက်မထိတွေ့စေခြင်းဖြင့် ဆီးချိုဖြစ်တဲ့အဆင့်မရောက်အောင်တားဆီးပေးတာအပြင်၊ လူထုအားလုံးကိုပါ ဒီ Risk Factors တွေမဖြစ်ရေး တားဆီးပေးဖို့လိုပါတယ်။ ဒုတိယအဆင့်ကတော့ ဆီးချိုရှိထားပြီးသူတွေကို စောစောသိနိုင်ပြီး၊ ထိထိရောက်ရောက် ကုသပေးခြင်းဖြင့် သေကျေစေနိုင်တဲ့ နောက်ဆက်တွဲရောဂါတွေ ဆက်ဖြစ်မလာရအောင် ကာကွယ်ပေးနိုင်ပါတယ်။ တတိယအဆင့်ကတော့ ဆီးချိုရှိတယ်လို့ သိရချိန်မှာ နှလုံး၊ကျောက်ကပ်ရောဂါစတဲ့ နောက်ဆက်တွဲရောဂါတွေပါ ဖြစ်နေပြီးသားသူကွေအတွက်လည်း၊ အရွယ်မတိုင်ခင်သေဆုံးမှုမဖြစ်ရအောင် ကုသကာကွယ်မှုတွေ လုပ်ပေးဖို့ ဖြစ်ပါတယ်။ ကာကွယ်ရေးအပိုင်းအနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ အန္တရာယ်တွေ (Risk Factors) ကို မထိတွေ့စေခြင်းအားဖြင့်၊ ဆီးချိုနဲ့ ဆီးချိုနောက်ဆက်တွဲတွေအပြင်၊ နာတာရှည် အသက်ရှုလမ်းကြောင်းရောဂါကိုပါ တပါတည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေနဲ့ သေဆုံးမှုလျော့ချနိုင်ရေး အထက်ပါ ကာကွယ်ကုသမှုတွေလုပ်နိုင်ဖို့ နိုင်ငံတော်အနေနဲ့ (၃) ချက် လုပ်ပေးဖို့လိုပါတယ်။ ပထမကတော့ ဆီးချိုအတွက် အန္တရာယ်တွေ (Risk Factors) အဖြစ်များနေမှုကို စနစ်တကျ စစ်တမ်းကောက်ပြီး စောင့်ကြည့်မှုစနစ် (Surveillance System) ထူတောင်ပေးတာပါ။ ဒုတိယကတော့ ပြည်သူလူထုအနေနဲ့ ဆီးချိုအတွက် အန္တရာယ်တွေ (Risk Factors) နဲ့ တတ်နိုင်သမျှ မထိတွေ့နိုင်အောင်၊ မစားသုံးမိအောင် စီစဉ်ကြပ်မတ်ပေးတာပါ။ တတိယအနေနဲ့ ဆီးချိုဖြစ်ပြီးသားသူတွေ နောက်ဆက်တွဲဒဏ်မခံရအောင် စောစောသိ၊ ထိထိရောက်ရောက် ကုပေးကာကွယ်ပေးနိုင်ဖို့ ကျန်းမာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးတာပါ။

ဒီရောဂါအကြောင်း အသေးစိတ်သိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့ ရန်ကုန်ဆေးတက္ကသိုလ် (၂) ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG