သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

El Nino ရာသီဥတုဖောက်ပြန်မှုနဲ့ ကျန်းမာရေးသတိ


မြန်မာနိုင်ငံမှာ အယ်လ်နီညိုဒဏ်ကို အပူချိန် ပြင်းထန်တာနဲ့ စကြုံနေရတာကြောင့် အပူလှိုင်းဆိုင်ရာ ရောဂါဒဏ်တွေခံရနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပြောဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အချိန်မတိုင်ခင် အပူချိန်မြင့်တက်လာတာအပြင်၊ တချို့နေရာတွေမှာ ရေရှားလာတာနဲ့ မကြာခင် ရေကြီးလာနိုင်တာ၊ နောက် မိုးခေါင်၊ ရေရှားဖြစ်နိုင်တာတွေကို မိုးလေဝသပညာရှင်တွေက ကြိုတင်ခန့်မှန်းသတိပေးနေပါတယ်။

ဒီအထဲက အပူလှိုင်းဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ မိတ်ထွက်တာ၊ အပူကြောင့် ဖောတာ၊ အပူကြောင့် အဖျားတက်တာ၊ အပူကြောင့်ကြွက်တက်တာ၊ အပူကြောင့် နုံးပြီး အသက်ရှုမြန် မောကာ ဝေဝါးလာတာ (Heat Exhaustion)၊ နောက် အပူကြောင့် သွေးပေါင်ချိန်ကျ၊ မူးမေ့လဲတာ (Heat Syncope)နဲ့ နောက်ဆုံး အသက်အန္တရယ်ကြီးတဲ့ အပူရှပ်ငန်းဖမ်းတာ (Heat Stroke) အထိ ဖြစ်ပါတယ်။

ဒီ အပူဒဏ် ပြဿနာတွေကနေ ကာကွယ်နိုင်ဖို့ ပူတဲ့နေရာတွေ မသွားဖို့၊ နေပူထဲ မဖြစ်မနေ အလုပ်လုပ်ရရင်လဲ ၂ နာရီကျော်အောင် ဆက်တိုက်မနေဖို့၊ ထီး၊ ဦးထုတ် (သို့မဟုတ်) အပေါ်ကနေ တခုခုနဲ့ အုပ်ထားဖို့၊ နောက်ဖြစ်နိုင်လျှင် အမိုးအကာအောက်မှာ အလုပ်လုပ်ဖို့၊ ရေများများသောက်ဖို့ (သစ်သီးဖျော်ရည်လဲသောက်နိုင်) လိုပါတယ်။ ဒါ့အပြင် နေပူချိန်မြင့်မားနိုင်ချိန် မနက် ၁၀ နာရီကနေ ညနေ (၄) နာရီအတွင်း အရိပ်ထဲနေတာ၊ အပူလှောင်နိုင်တဲ့နေရာမျိုး ကားထဲမှာ မနေတာ ကလေးတွေမထားခဲ့တာ၊ ကားနဲ့ခရီးဝေးသွားချိန် မကြာခဏ နားနားပြီးသွားတာ၊ အဝတ်အစားအတွက် အရောင်ဖျော့ဖျော့နဲ့ ပွပွ ဝတ်တာ၊ နေကာမျက်မှန်တပ်တာ၊ ဖိနပ်စီးသွားတာတွေ လုပ်ပေးသင့်ပါတယ်။

ကုသမှုနဲ့ ပတ်သက်ပြီး အသက်အန္တရယ်ထိခိုက်နိုင်တဲ့ အပူရှပ်ငန်းဖမ်းတာ (Heat Stroke) အဆင့်မရောက်ရအောင် အပူကြောင့် နုံးချိတာဖြစ်လာတဲ့ (Heat Exhaustion) အဆင့်မှာ စတင် ကုသမှုယူဖို့ အရေးကြီးပါတယ်။ အပူကြောင့် နုံးချိတဲ့ လက္ခဏာတွေဖြစ်တဲ့ အသက်ရှုမြန်ပြီး မောလာတာ၊ မျက်စိဝေဝါးလာတာတွေဖြစ်လာရင် အလုပ်နားပေးပြီး၊ အရိပ်ထဲရွှေ.ပေးတာ၊ ရေများများတိုက်တာ၊ ဖြစ်နိုင်လျှင် လေအေးစက် (Air-cond) အခန်းထဲမှာထားပေးတာ၊ လည်ပင်း ပေါင်ခြံနဲ့ ဂျိုင်းတွေမှာ ရေခဲအုံပေးတာ၊ ရေအေးဖြန်းပေးတာတွေ အမြန်လုပ်ပေးသင့်ပါတယ်။ အပူရှပ်ငန်းဖမ်းတဲ့ အဆင့်ရောက်ရင်တော့ အထက်ပါအတိုင်း ရေခဲအုံ၊ ရေအေးဖြန်းပေးပြီး၊ ဆေးရုံအမြန်ပို့ပေးဖို့ အထူးအရေးကြီးပါတယ်။

ဒါ့အပြင် အပူဒဏ် ပိုခံရနိုင်တဲ့ အသက်ကြီးသူတွေ၊ ဆီးချိုသွေးချိုရှိသူတွေ၊ နှလုံးနဲ့ သွေးတိုးရောဂါရှိသူတွေ၊ နောက် စိတ်ရောဂါဆေးသောက်နေရသူတွေအနေနဲ့ သူများထက် ပိုသတိထား နေထိုင်သင့်ပါတယ်။ အခုလို လူတဦးချင်း ကာကွယ်တာအပြင် အစိုးရအနေနဲ့လဲ ကာကွယ်ရေးအစီအစဉ်တွေ ကြိုတင် ပြင်ဆင်ပေးသင့်ပါတယ်။ ရေပြတ်နိုင်တဲ့ နေရာတွေ ရေကြိုပို့တာ၊ လွင်တီးခေါင်ပြင်မှာ အပူဒဏ်ခံနေရသူတွေကို အမိုအကာ ရှိတဲ့နေရာ ရွှေ.ပေးတာ၊ စားနပ်ရိက္ခာပြတ်နိုင်တဲ့နေရာတွေ စုံစမ်းပြီး အစာစုဆောင်းပေးထားတာ၊ သောက်ရေရှားပါး မသန့်ပြန့်တာကြောင့် ဝမ်းရောဂါဖြစ်လာနိုင်တာကနေ ကြိုတင်ကာကွယ်ပြင်ဆင်တာတွေ လုပ်ပေးသင့်ပါတယ်။

ဒီအကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က Dr.မြင့်ဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG