သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်တွင်း ဖြစ်တတ်သော မျက်လုံးရောဂါများ


သင်္ကြန်တွင်းနဲ့ သင်္ကြန်အပြီးကာလမှာ မျက်စိနာတာ၊ မျက်စိဒဏ်ရာရတာနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရတာတွေ ဖြစ်လေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

မျက်စိနာတာ (မျက်မှေးရောင်တာ) ဖြစ်တာကို ကြိုသိနိုင်ဖို့ စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေကတော့ မျက်စိနီတာ၊ တခါတရံ မျက်စိယားယံတာ၊ တချို့မှာ မျက်စိကိုက်ခဲ နာကျင်တာ၊ မျက်ဝတ်ထွက်တာ၊ အလင်းရောင်ကို ကြာရှည်မကြည့်နိုင်တာ၊ မျက်ရည်ကျတာတွေ ဖြစ်ပါတယ်။ မျက်စိမှုန်ဝါးလာတာ ဖြစ်နိုင်ပေမယ့် ဖြစ်ခဲပါတယ်။

မျက်စိထိခိုက်ဒဏ်ရာရရင်တော့ ထိခိုက်တဲ့နေရာနဲ့ ပြင်းအားပေါ် မူတည်ပြီး မျက်စိနီတာ၊ နာတာ၊ မျက်ရည်ကျတာကနေ နောက်ဆုံး မျက်လုံးကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်စိထိခိုက်လာရင်လဲ မျက်လုံးအိမ် နာကျင်ကိုက်ခဲတာ၊ အမှိုက်ဝင်ထားသလို ခိုးလိုးခုလုဖြစ် ခံစားရတာ၊ မျက်ခွံယောင်တာ၊ မျက်ရည်ကျပြီး အလင်းကို မကြည့်နိုင်တာ၊ အမြင်အာရုံမှုန်ဝါးတာတွေ ချက်ချင်းဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာတော့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်သားတက်တာနဲ့ အတွင်းတိမ်ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။

မျက်စိနာတာကနေ ကာကွယ်ဖို့အတွက် ရေပက်သူတွေအနေနဲ့ မသန့်ရှင်းတဲ့ ရေတွေနဲ့ပက်တာ၊ ပြင်းအားများလွန်းတဲ့ မီးသတ်ပိုက်၊ ကားဆေးတဲ့ Pressure Pump ပိုက်တွေနဲ့ပက်တာ၊ နောက် မျက်လုံးထဲကို ရေပိုက်နဲ့ ထိုးထဲ့တာတွေ မလုပ်ဖို့ အရေးကြီးပါတယ်။ ရေပက်ခံသူတွေဘက်ကလဲ မသန့်တဲ့ရေတွေ မျက်စိထဲဝင်တယ်လို့ထင်ရင် ရေသန့်နဲ့ မျက်လုံးကို ချက်ချင်း ဆေးကြောပေးသင့်ပါတယ်။ မျက်ကပ်မှန်တပ်သူတွေအနေနဲ့လည်း ရေပက်ခံပြီးရင် ချက်ချင်း မျက်ကပ်မှန်ကို ဖြုတ်ဆေးသင့်ပါတယ်။

မျက်လုံးထိခိုက်ဒဏ်ရာရတာ မဖြစ်စေဖို့အတွက် အထက်ပါ ပြင်းအားများတဲ့ ပိုက်တွေနဲ့ မျက်စိထဲ ထိုးပက်တာမလုပ်ဖို့နဲ့ ခိုက်ရန်ဖြစ်ပွားမှုနဲ့ မတော်တဆ ထိခိုက်မှုတွေမဖြစ်အောင် ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဒီနှစ် ခရမ်းလွန်ရောင်ခြည် အလွန်မြင့်မားနေချိန်မှာ ဒီဒဏ်ကနေ ကာကွယ်ဖို့အတွက်တော့ ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ (UV Rays Protection) နေကာမျက်မှန် အမျိုးအစားကို ဝတ်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မျက်စိအထူးကုဆရာဝန် ဒေါက်တာခင်သန္တာမြင့် ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG