သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးပြီး ကူးစက်ရောဂါဆိုင်ရာ နိုင်ငံတကာသင်ခန်းစာ


မြန်မာနိုင်ငံထဲ မိုးကြီးရေကြီး ဆက်ပြင်းထန်နေချိန်၊ နောက်ဆက်တွဲ အန္တရာယ်ဖြစ်တဲ့ ကူးစက်ရောဂါတွေအတွက် နိုင်ငံတကာ အတွေ့အကြုံတွေကို သင်ခန်းစာယူဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။

ကူးစက်ရောဂါ ဖြစ်လာချိန်မှာ ဖြစ်စေတဲ့ အကြောင်းရင်းဇစ်မြစ်ကို ရှာဖွေပြီး ဖယ်ရှားနိုင်ဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဆလတ်ရွက် (Lettuce) နဲ့ ငါးမသန့်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ဖူးပြီး၊ ဒီလို မသန့်တဲ့ စားစရာတွေ ဘယ်ကနေ စထွက်လာတာကို နောက်ကြောင်းခံ လိုက်ရှာဖွေနိုင်ခဲ့ကာ ရှင်းလင်းနိုင်ခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံမှာ ဖြစ်လာလျှင်လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ရေး ဆေးပညာကျွမ်းကျင်သူတွေအနေနဲ့ အကြောင်းရင်းကွင်းဆက်ကို ဒေသန္တရအဆင့်ထိ ကွင်းဆင်းရှာဖွေမှု လုပ်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါမဖြစ်ခင် အစားအသောက်၊ ရေ သန့်ရှင်းမှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်စစ်ဆေးမှု (Surveillance)၊ ရေမှာ ကလိုရင်း ဆေးခတ်မှုတွေလည်း ကြိုလုပ်ထားသင့်ပါတယ်။

ကူးစက်ရောဂါတွေ မဖြစ်ခင်မှာ၊ ဖြစ်နိုင်တာကို ကြိုတွက်ချက်ပြီး ကာကွယ်တာနဲ့ နောက်ပိုင်းကုသမှုတွေ လုပ်နိုင်ဖို့ ကြိုပြင်ထားသင့်ပါတယ်။ မိုးတွင်းကာလ အမှည့်လွန်သီးနှံ၊ မကျက်တကျက်အစာနဲ့ မသန့်တဲ့ရေကတဆင့် ကူးစက်နိုင်မျိုးက ရေကြီးချိန်မှာ ပိုစိုးရိမ်ရပါတယ်။ ဟေတီနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်တချို့အတွင်း ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်းနဲ့ ရေဘေးဖြစ်အပြီး၊ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှော ကာလဝမ်းရောဂါ ကူးစက်ပြီး လူပေါင်းများစွာ သေဆုံးခဲ့တာကြောင့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝင်ရောက်ကူညီ ပေးခဲ့ရပါတယ်။ အခုလို မနိုင်မနင်း မဖြစ်ရအောင် ကြိုတင်ပညာပေးတာ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ပေးတာနဲ့၊ ဖြစ်လာခဲ့လျှင်လည်း ရေနဲ့ဆားဓာတ် ပြန်ဖြည့်တာ၊ ပဋိဇီဝဆေး (Antibiotics) ပေးတာ လုပ်နိုင်ဖို့ ဆေးဝါးပစ္စည်းတွေ ပြင်ဆင်စုဆောင်းထားသင့်ပါတယ်။

ကာလဝမ်းလို ဝမ်းပျက်ဝမ်းလျှောရောဂါတွေ မဖြစ်အောင်၊ ဖြစ်ဖို့ အန္တရာယ်များနိုင်တဲ့ နေရာတွေမှာ သောက်သုံးရေနဲ့ အိမ်သာ လုံလောက်အောင် ဖန်တီးပေးသင့်ပါတယ်။ အထူးသဖြင့် ရေဘေးရှောင်တွေ စုနေရတဲ့ စခန်းနဲ့ တခြားနေရာ (ဥပမာ ဘုန်းကြီးကျောင်း) တွေမှာ အရင် ပုံမှန်ရတဲ့ သောက်သုံးရေ (သောက်ရေ၊ ချိုးရေ၊ ချက်ပြုတ်ရေ၊ အိမ်သာသုံးရေ) ပမာဏထက် ပိုမိုရရှိအောင် လုပ်ဆောင်ပေးပြီး၊ ယာယီအိမ်သာတွေ အရေးပေါ် ပြင်ဆင်ပေးသင့်ပါတယ်။ အကြောင်းက အရင်သုံးနေတဲ့ လူအရေအတွက်ထက် အများကြီးများလာချိန်မှာ မလောက်ငှတာကြောင့်၊ မသင့်တော်ရာ ပြင်ပမှာ အိမ်သာသွားတာ၊ နောက် သန့်စင်ဆေးကြောဖို့ ရေမလုံလောက်တာ ဖြစ်လာနိုင်ပြီး ကူးစက်ရောဂါတွေ အလွယ်တကူ ပျံ့နှံ့သွားနိုင်လို့ပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံ အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကို အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးခဲ့တဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG