သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးအဆို့ရှင် အစားထိုးရသူတွေနဲ့ သွေးမခဲဆေး


တိုက်ရိုက် လင့်ခ်


နှလုံးအဆို့ရှင် အစားထိုးလဲထားသူအများစုအနေနဲ့ သွေးမခဲ ဆေးသောက်ဖို့ လိုအပ်ရာမှ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိထားပြီး၊ ကာကွယ်နိုင်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လေးဖက်နာရောဂါကြောင့် နောက်ဆက်တွဲအဖြစ် အဖြစ်များလေ့ရှိတဲ့ နှလုံးအဆို့ရှင် ပျက်စီးပြီး၊အစားထိုးလဲထားရသူ အများစုမှာ သတ္ထုအဆို့ရှင်ကို အစားထိုး အသုံးပြုရတာကြောင့် သွေးမခဲဆေး သောက်ရပါတယ်။ အခုလို သွေးမခဲဆေး မသောက်လျှင် ဒီအစားထိုးထားတဲ့ အဆို့ရှင် လှုပ်ရှားမှု ထိခိုက်ပြီး အသက်အန္တရာယ် ရှိလာနိုင်လို့ပါ။ ဒါပေမဲ့လဲ သွေးမခဲဆေးကြောင့် သွေးမခဲနှုန်းများသွားပြီး သွေးယိုစိမ့်မှု ဖြစ်လာနိုင်တဲ့ အန္တရာယ်ကလည်း တစ်ဖက်မှာ ရှိနေပါတယ်၊ အထူးသဖြင့် သွေးတိုးရောဂါရှိထားသူတွေမှာ ဦးနှောက်သွေးကြောပေါက်သွားပြီး သွေးဆုံးရှုံးမှုများကာ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

အခုလို အသက်အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ သွေးမခဲဆေးထိန်းချုပ်တဲ့ အတိုင်းအတာ INR (International Normalized Ratio) ကို စစ်ဆေးပြီး သတ်မှတ်ပမာဏအတိုင်း လိုအပ်သလို အတိအကျ ထိန်းညှိပေးဖို့ လိုပါတယ်။ လူနာတွေအနေနဲ့ သွားတိုက်လျှင် သွေးယိုတာ၊ ကိုယ်မှာ အနီပျောက်တွေ၊ အနည်းငယ်ထိရုံနဲ့ သွေးခြေဥတာတွေဖြစ်လာလျှင် ဆရာဝန် အမြန်ပြပြီး လိုအပ်သလို INR ကို ပြန်ထိန်းညှိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် INR စစ်ဖို့ ခက်ခဲသူတွေဖြစ်တဲ့ ကျေးလက်နေသူတွေအတွက် အသားဆေးမထိုးဖို့ အရေးကြီးပါတယ်၊ ဆေးထိုးတဲ့နေရာမှာ သွေးစိမ့်ထွက်ပြီး တင်ပါး အလွန်အမင်း ကြီးလာနိုင်လို့ပါ။ ဒါ့အပြင် ခွဲစိတ်ဖို့ (ဥပမာ အစာအိမ်၊ အူအတက်) လိုအပ်လာခဲ့လျှင်လည်း သွေးမခဲဆေးသောက်နေရကြောင်း ဆရာဝန်ကို ကြိုတင် အသိပေးဖို့ အရေးကြီးပါတယ်။ ဒီ သွေးမခဲဆေးကိုလည်း အချိန်မှန် သောက်ဖို့လိုပါတယ်။ ဒီသွေးမခဲဆေးသောက်ရသူတွေအနေနဲ့ ကိုယ်ဝန်မဆောင်မိအောင် အတတ်နိုင်ဆုံး ကာကွယ်သင့်ပြီး၊ မတတ်နိုင်ပါကလည်း သွေးမခဲဆေးကို ဆရာဝန်ကြီးကြပ်မှုအပြည့်နဲ့ ကိုယ်ဝန်အစပိုင်းမှာ ထိုးဆေး၊ အလယ်မှာ စားဆေးနဲ့ နောက်ပိုင်းမှာ ထိုးဆေး ပေးနိုင်ပါတယ်၊ သွေးမခဲဆေးကြောင့် သန္ဓေသားကြီးထွားမှုကို ထိခိုက်နိုင်လို့ပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG