သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးဖက်နာကြောင့် နှလုံးအဆို့ရှင် ပျက်စီးခြင်း


မြန်မာနိုင်ငံမှာ လေးဖက်နာကြောင့် နှလုံးအဆို့ရှင် (heart valve) ထိခိုက်ပြီး နှလုံးအရေးပေါ်ဖြစ်တာ များလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ကလေးငယ်တွေမှာ စဖြစ်တဲ့ ဒီလေးဖက်နာကြောင့် နှလုံးအရေးပေါ် မဖြစ်ရအောင် ပင်နယ်ဆလင် (Penicillin) လို ပဋိဇီဝ ပိုးသတ်ဆေးတွေပေးပြီး လေးဖက်နာ ပျောက်အောင် ကုသခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အိမ်ထဲမှာ လူနေသိပ်သည်းမှု မရှိစေဘဲ၊ လေဝင်လေထွက် ကောင်းစေခြင်းဖြင့်လည်း၊ လေးဖက်နာရောဂါ မကူးစက်အောင် ကာကွယ်နိုင်ပါတယ်။

အခုလို ကြိုတင်ကုသနိုင်ဖို့ လေးဖက်နာရောဂါ ဖြစ်လာတာ သိနိုင်ရေးအတွက် ရောဂါလက္ခဏာတွေကို စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ လက္ခဏာတွေကတော့ အဆစ်ရောင်တာ၊ နှလုံးရောင်တာ၊ အရေပြားမှာ အနီရောင်ကွင်းလေးတွေ ထွက်တာ၊ အရေပြားအောက်မှာ အစေ့လေးတွေ စမ်းမိတာ၊ ကလေးဆန့်ငင်ဆန့်ငင် နဲ့ ဂနာမငြိမ်ဖြစ်တာ၊ မောတာနဲ့ ရင်တုန်တာတွေ ဖြစ်ပါတယ်။

လေးဖက်နာကို ထိရောက်အောင် မကုသနိုင်ခဲ့ရင်တော့ နှလုံးအဆို့ရှင်တွေ ရောင်လာပြီး (Mitral Stenosis)၊ တဖြည်းဖြည်း ပျက်စီးသွားကာ မွန်းကြပ်မှုဖြစ်စေတဲ့ နှလုံးထဲ သွေးအိုင်တာတွေ၊ အဆုပ်ထဲ ရေဝင်တာတွေ၊ နောက်ဆက်တွဲအနေနဲ့ နှလုံးထဲ သွေးခဲပြီး လေဖြတ်တာ၊ နှလုံးခုန် မမှန်ဘဲ (Atrial Fibrillation) လေဖြတ်တာတွေအထိ ဆက်ဖြစ်လာနိုင်ပါတယ်။ အခုလို မဖြစ်ရအောင် နှလုံးအဆို့ရှင် စပျက်တဲ့ကာလမှာ အချိန်မီ ကုသမှုခံယူဖို့ လိုပါတယ်။

ဒီရောဂါဝေဒနာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစား ပါမောက္ခ ဌာနမှုး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG