သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေမှာဖြစ်နိုင်တဲ့ တိုက်ဖွိုက်နဲ့ သန်ကောင်ရောဂါ


နွေရာသီမှာ ပူပြင်းပြီး၊ ရေရှားပါးလာကာ၊ သန့်ရှင်းမှုအားနည်းတာကြောင့် တိုက်ဖွိုက်နဲ့ သန်ကောင်ရောဂါတွေလည်း အဖြစ်များနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။

အခုလို နွေရာသီမှာ အရင်ကပြောခဲ့တဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါအပြင်၊ တိုက်ဖွိုက်နဲ့ သန်ကောင်ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း ဝမ်းရောဂါတွေနဲ့ ဆင်တူပြီး တကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု နည်းလာတာနဲ့ ယင်ကောင်များ ပွားများလာတာကြောင့်ပါ။ တိုက်ဖွိုက်ကလည်း ရေ၊ အစာ၊ လက်နဲ့ အိမ်သာ မသန့်တာကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် အသားတွေကို အစိမ်းစားတာနဲ့ မကျက်တကျက်စားတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းရောဂါမှာလိုပဲ ရေ၊ အစာ၊ လက်နဲ့ အိမ်သာတွေကို သန့်စင်အောင် သန့်ရှင်းရေး သန့်အောင် သန့် (၄) သန့် လုပ်တာတွေအပြင်၊ အသားစိမ်းနဲ့ မကျက်တကျက်စားတာကို ရှောင်ရှားသင့်ပါတယ်။

ဒါ့အပြင် သန့်ရှင်းမှုအားနည်းတာကြောင့်ပဲ သန်ကောင်ရောဂါကိုလည်း ဖြစ်စေနိုင်ပြီး၊ အဓိက လက်နဲ့ အိမ်သာသန့်ဖို့ ပိုဂရုစိုက်သင့်ပါတယ်။ အဓိကအားဖြင့် အိမ်သာမသန့်တာ အညစ်ကြေးစွန့်တာ မသန့်ရှင်းတာ၊ ယင်နားစာတွေ စားမိရာကနေ သန်ရောဂါ ဖြစ်စေနိုင်သလို၊ လက်သန့်အောင်မဆေးတာ အထူးသဖြင့် အိမ်သာသုံးပြီးနောက် လက်စင်အောင် မဆေးကြောတာ၊ လက်သည်းခွံအောက် အညစ်အကြေးတွေကျန်ပြီး အစာစားတဲ့အခါ အဲဒီအညစ်အကြေးတွေကနေ ရစေနိုင်ပါတယ်။ ဒီမှာလည်း သန့် ၄ သန့် လုပ်ဖို့လိုပြီး၊ ရေသန့်ကို အဓိကသုံးဖို့ လိုလာပြန်ပါတယ်။

သန်ကောင်ရောဂါမှာတော့ ကလေးသူငယ်တွေကို ပိုဂရုစိုက်ပေးသင့်ပါတယ်။ သန်ကောင်ကြောင့် ကလေး အာဟာရချို့တဲ့ပြီး ဖွံ့ဖြိုးမှုနှောင့်နှေး၊ အသက်တိုနိုင်ကာ တိုင်းပြည်ဖွံဖြိုးရေးပါ ထိခိုက်နိုင်လို့ပါ။ ကလေးတွေမှာ သန်ကောင်ရှိမရှိ စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေကတော့ ဗိုက်နာဗိုက်အောင့်တာ (သန်ထိုးတာကြောင့် စူးပြီးအောင့်နိုင်)၊ ဗိုက်ပူကာတင်းနေတာ၊ စားသလောက် ကိုယ်အလေးချိန် မတက်ဘဲ ပိန်လှီနေတာ၊ အမြဲအီနေ ငိုနေတာတွေပါ။ သန်ကောင် ကာကွယ်ကုသရေးအတွက်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး နှစ်စဉ် သန်ချဆေးတိုက်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံထဲက နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးပညာပေးပါ တွဲလုပ်ခဲ့တဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအိကလျာမိုး ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG