သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး နိုင်ငံတဝှမ်းထိုးပေး


တိုက်ရိုက် လင့်ခ်


ဂျပန်ဦးနှောက်ရောင်ရောဂါ အဖြစ်များတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်ပြီး၊ ဒီရောဂါအဖြစ်များတဲ့ ကလေးသူငယ်၊ လူငယ်အရွယ်တွေကို နိုဝင်ဘာလလယ်နဲ့ ဒီဇင်ဘာလအတွင်းမှာ ကာကွယ်ဆေး အခမဲ့ထိုးပေးတာမှာမို့ လက်မလွတ်မိစေဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းပြောဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားနေပြီး၊ ဒီဗိုင်းရပ်(စ်) ပိုးကို သေစေတဲ့ ပိုးသတ်ဆေးမရှိဘဲ၊ ကုသရခက်၊ အသက်အန္တရာယ်ကြီးကာ၊ အသက်ရှင်ကျန်ခဲ့သူတွေထဲမှာလည်း အာရုံကြောဆိုင်ရာ ပြဿနာတွေ (အမြင်နဲ့အကြားအာရုံ ထိခိုက်၊ ဆွံ့အနားမကြား ဒုက္ခိတဖြစ်) နဲ့ အတက်ရောဂါတွေ ဆက်ခံစားရနိုင်တာမို့၊ မဖြစ်ခင် ထိရောက်အောင် ကြိုတင်ကာကွယ်ဖို့ အထူး အရေးကြီးပါတယ်။ ဒီရောဂါကူးစက်စေတဲ့ ခြင်ပုန်းကလည်း လယ်ကွင်းတွေနဲ့ မြို့ပေါ်က ရေမြောင်းတွေ အိုင်တွေထဲ အပေါက်များတာမို့ ဒီခြင်ကို နှိမ်နင်းရ မလွယ်ကူပါဘူး။ ဒါပေမဲ့ ထိရောက်တဲ့ ကာကွယ်ဆေးရှိထားတာကြောင့် ကာကွယ်ဆေးထိုးကာကွယ်ခြင်းက အရေးအကြီးဆုံးဖြစ်ပါတယ်။

အရင်က အပြင်ဆေးခန်းတွေမှာ (၃) သောင်း (၄) သောင်းပေးထိုးရတဲ့ ဒီကာကွယ်ဆေးကို ရှေ့နှစ်ဆန်းကနေစပြီး မြန်မာနိုင်ငံ အမျိုးသားကာကွယ်ဆေးထိုး အစီအစဉ်ထဲ ထည့်သွင်းတော့မှာမို့၊ ဒိမတိုင်ခင် အရင်မထိုးပဲ ကျန်နေခဲ့သူတွေအတွက် အခု နိုဝင်ဘာလ (၁၅) ရက် ကနေ (၂၃) ရက်အတွင်း စာသင်ကျောင်းအခြေပြု (၅) နှစ်မှ (၁၅) နှစ်အရွယ်အတွက်) နဲ့ ဒီဇင်ဘာလမှာဆက်ပြီး ရပ်ကွက်ဒေသန္တရအခြေပြု အထူးသဖြင့် ကျန်ခဲ့တဲ့ (၉) လ မှ (၅) နှစ်အရွယ်အတွက်နဲ့ ကျောင်းမနေတဲ့ ကလေးလူငယ်တွေအတွက်) အခမဲ့ ထိုးပေးမှာ ဖြစ်ပါတယ်။ ရှေ့နှစ်ဆန်း အမျိုးသားကာကွယ်ရေး အစီအစဉ်မတိုင်ခင် ဒီကာကွယ်ထိုးဖို့ ကျန်နေခဲ့သူတွေအတွက် အခုလို တနိုင်ငံလုံး အစုလိုက်အပြုံလိုက် အခမဲ့ ထိုးပေးတဲ့ အခွင့်အရေးမျိုး နောက်တစ်ကြိမ် မရှိနိုင်တော့တာမို့ ဒီတစ်ခေါက် လက်မလွတ်တမ်း မဖြစ်မနေ သွားထိုးဖို့ အထူးအရေးကြီးပါတယ်။

ဒီကာကွယ်ဆေးက နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ပြီး အိမ်နီးချင်း နိုင်ငံတွေအပါအဝင် နိုင်ငံများစွာမှာ ဘေးကင်းလုံခြုံစွာ ထိုးခဲ့ပြီးဖြစ်ကာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အသိအမှတ်ပြု တိုက်တွန်းတားတာမို့ အန္တရာယ်ကင်းတဲ့ဆေး ဖြစ်ပါတယ်။ ဆေးထိုးကာစမှာ နာတာနဲ့ ရက်အနည်းငယ် အဖျားတက်တာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးမတဲ့သူ လွန်စွာရှားပါးပါတယ်။ ဒီရောဂါဖြစ်လာလျှင် ကြိုသိနိုင်ဖို့ လက္ခဏာတွေက ဖျားတာ၊ အဖျားကြီးတာ၊ တက်တာ၊ အကြောဆွဲတာနဲ့ သတိလစ်တာတွေ ဖြစ်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ ပညာဌာန (အငြိမ်းစား) ဌာနမှူး ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

>> ဂျပန်ဦးနှောက်ရောင်ရောဂါ ပျံ့ပွားမှု

XS
SM
MD
LG