သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးလမ်းကြောင်း ကျောက်တည်ရောဂါ ကာကွယ်ရေး


မြန်မာနိုင်ငံမှာ ဆီးလမ်းကြောင်း နဲ့ ကျောက်ကပ်မှာ ကျောက်တည်တာ အဖြစ်များနေပြီး အသက် (၄၀) နဲ့ (၆၀) အကြားမှာ ပိုဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုကြတယ်။ ကမ္ဘာပေါ်မှာ ပုံမှန်အားဖြင့် အမျိုးသားတွေမှာ ပိုဖြစ်တဲ့ ဆီးကျောက်တည်တာဟာ မြန်မာနိုင်ငံမှာတော့ အမျိုးသား နဲ့ အမျိုးသမီးဖြစ်နှုန်း သိပ်မကွာဘူးလို့ ဆီးနဲ့ကျောက်ကပ် အထူးကု ဆရာဝန်တွေကို ဆိုကြပါတယ်။

ဆီးလမ်းကြောင်းကျောက်တည်တဲ့ ရောဂါ အဓိက ဖြစ်ရတာကတော့ ရေသောက်နည်းလို့ ဖြစ်ပါတယ်။ ပူပြင်းတဲ့ ဒေသမှာ နေထိုင်၊ အလုပ်လုပ်ကိုင်ပြီး ချွေးထွက်များကာ၊ ရေသောက်နည်းရင် ဒီရောဂါဖြစ်ဖို့များပါတယ်။

နောက်ထပ် ဒီရောဂါ ရနိုင်သူတွေကတော့ ဆီးကျောက်တည်တာ တခါဖြစ်ထားဖူးသူတွေ၊ Gout (ခေါ်) အဆစ်အမြစ်ရောင်ရောဂါရှိသူတွေ၊ အမျိုးသမီးတွေမှာ ပိုဖြစ်တဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာ မကြာခဏဖြစ်သူတွေ၊ နောက် မွေးရာပါ ဆီးလမ်းကြောင်း ပုံမှန်မဟုတ်သူ (ဥပမာ ဆီးလမ်းကြောင်း ကျဉ်းနေသူ) တွေ ဖြစ်ပါတယ်။

ဒီရောဂါ မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးဆုံးမှာ အဓိက ရေကို တနေ့ အနည်းဆုံး (၂) လီတာကနေ နှစ်လီတာခွဲ သောက်ဖို့ အရေးကြီးပါတယ်၊ နေပူထဲ နေထိုင်သွားလာ လုပ်ကိုင်သူတွေဆိုရင်တော့ ဒီထက်ပိုသောက်ဖို့ လိုပါတယ်။

နောက်ကာကွယ်နိုင်တဲ့နည်းတွေကတော့ အငန်နဲ့ အသားဓာတ် လျှော့စားတာဖြစ်ပြီး၊ Gout အဆစ်အမြစ်ရောင် ရောဂါရှိသူတွေအနေနဲ့ ယူရစ်အက်ဆစ် (Uric Acid) လျှော့ချတဲ့ ဆေးသောက်ပြီး ထိန်းထားတာ၊ ဆီးလမ်းကြောင ်ပိုးဝင်တာ ခဏခဏ ဖြစ်သူတွေအနေနဲ့လည်း ပဋိဇီဝဆေး ရက်အတော်ကြာသောက်တာနဲ့ ဆေးပြန်စစ်တာတွေ လုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ မွေးရာပါဆီးလမ်းကြောင်း ပုံမှန်မဟုတ်သူတွေအနေနဲ့ ဒီရောဂါကို မကာကွယ်နိုင်ပေမဲ့ ဆီးကျောက် စဖြစ်မဖြစ် ပုံမှန်စစ်ဆေးတာတွေလုပ်ခြင်းဖြင့် စောစောသိ၊ စောစောကုသနိုင်ရင် အခြေအနေမဆိုးအောင် ကာကွယ်နိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆီးနဲ့ကျောက်ကပ် ခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG