သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးသူငယ် နဲ့ ဦးနှောက်အမြှေးရောင်ရောဂါ


အထက်အညာဒေသ သာစည်မြို့ နဲ့ ရန်ကုန်မြို့မှာ ကလေးငယ်တချို့ စတင်သေဆုံးကြတာ ဘက်တီးရီးယား ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို စောစောသိရှိပြီး၊ ဆေးရုံကို အချိန်မီပို့နိုင်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ကလေးငယ်တွေမှာ ဒီရောဂါဖြစ်တာ စောစောသိနိုင်ဖို့ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ အဖျားကြီးတာ၊ ခေါင်းကိုက်လွန်းသဖြင့် မအီမသာဖြစ်ပြီး ငိုနေတာ၊ တစ်နှစ်အောက်ကလေးတွေမှာ ငယ်ထိပ်ဖောင်းလာတာ၊ ဒီထက်ကြီးတဲ့ ကလေးတွေမှာ ဇက်တောင့်ပြီး ဇက်ငုံ့လို့မရတာ၊ မှိန်းလွန်းအားကြီးတာ၊ ကလေးအများစုအတွက် အရေပြားမှာ အမဲကွက်တွေထွက်တာ (အထူးသဖြင့် ခြေ၊လက်၊တင်ပါး)၊ နောက်ပြီး တက်တာ၊ သတိလစ်တာနဲ့ တခါတရံမှာ သွေးလန့်ပြီး သွေးပေါင်ချိန်ကျ ခြေလက်အေးလာတာတွေ ဖြစ်ပါတယ်။ အခုလိုမျိုး လက္ခဏာတွေ ဖြစ်ပေါ်လာရင် အမြန်ဆုံး အချိန်မီ ဆေးရုံပို့နိုင်ခြင်းအားဖြင့် ဘက်တီးရီးယားပိုးသတ်ဆေး (ပဋိဇီဝဆေး) တွေနဲ့ ထိရောက်စွာကုပေးနိုင်ပါတယ်။ သွေးလန့်တဲ့ အဆင့်မှာတော့ အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

အမြန်ကူးစက်လွယ်ပြီး ရုတ်တရက် ဦးနှောက်အမြှေးရောင်ဖြစ်စေတဲ့ Meningococcal ဘက်တီးရီးယားပိုးဟာ သလိပ်၊ တံတွေးတို့ကနေတဆင့် ကူးစက်တာကြောင့် လူနေထူထပ်တဲ့နေရာမသွားဖို့၊ တကိုယ်ရေ သန့်ရှင်းရေးလုပ်ဖို့နဲ့ ဒီရောဂါသည်နဲ့ ထိတွေ့ထားသူတွေမှာ ကာကွယ်ဆေးသောက်ဖို့ လိုပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့ထားတဲ့ ကလေးတွေအတွက် Rifampicin ဆေးကို (၁) ကီလိုဂရမ်အလေးချိန်အတွက် (၁၀) မီလီဂရမ်နှုန်းနဲ့ တစ်ရက် (၂) ကြိမ်၊ (၂) ရက်တိုက်သင့်ပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့ထားတဲ့ လူကြီးအတွက်တော့ Ciprofloxacin ဆေး (၅၀၀) မီလီဂရမ် တစ်လုံးသောက်သင့်ပါတယ်။ ဒီရောဂါအတွက် ထိုးဆေးကာကွယ်ဆေးကတော့ နိုင်ငံထဲမှာ ပြတ်နေလို့ နိုင်ငံခြားကနေ မှာထားရဆဲ ဖြစ်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG