သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွားခံတွင်း နဲ့ အထွေထွေ ကျန်းမာရေး ဆက်စပ်မှု


တိုက်ရိုက် လင့်ခ်

သွားနဲ့ခံတွင်းကို ဂရုမစိုက်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးရလဒ်က အထွေထွေကျန်းမာရေးပါ ထိခိုက်နိုင်တာကို ကမ္ဘာတဝှမ်းနဲ့ မြန်မာနိုင်ငံမှာပါ အထောက်အထားများနဲ့ တွေ့နေရတာမို့၊ သွားနဲ့ခံတွင်းကို အထူးဂရုစိုက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

သွားနဲ့ခံတွင်း မကောင်းတာကြောင့် သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေ အဓိက စဖြစ်ရပြီး၊ နောက်ပိုင်းမှာ နှလုံးရောဂါ၊ ဆီချိုရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါနဲ့ သွားဖုံးကင်ဆာအပြင် အခြားကင်ဆာတွေ ဖြစ်တာနဲ့ ဆက်နွယ်နေတယ်လို့ သွားနဲ့ခံတွင်း ကျန်းမာရေးဆိုင်ရာ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်း ကျန်းမာရေးကောင်းအောင် ကြိုးပမ်းခြင်းဖြင့်၊ တကိုယ်လုံး ရောဂါတွေဆက်မဖြစ်အောင်၊ အထွေထွေကျန်းမာရေးကို ဂရုစိုက်ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။

အခုလို နောက်ဆက်တွဲ ရောဂါတွေ မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးဆုံးက သွားနဲ့ခံတွင်း သန့်ရှင်ရေး ဖြစ်တာမို့၊ သန့်ရှင်းအောင်လုပ်ရာမှာ စနစ်မှန်ဖို့နဲ့ အချိန်မှန်ဖို့ ဖြစ်ပါတယ်။ နည်းစနစ်မှန် သွားတိုက်ရာမှာ သွားအရှေ့မျက်နှာပြင် အပြင်၊ သွားအနောက်မျက်နှာပြင်၊ ဝါးတဲ့ သွားမျက်နှာပြင်အပေါ်နဲ့ သွားဘေးမျက်နှာပြင်စတဲ့ သွားမျက်နှာပြင် အကုန်လုံးကို မလွတ်အောင် အသေအချာ တိုက်ပေးဖို့လိုပါတယ်။ ဒါ့အပြင် သွားကြားထဲမှာ ကျန်တဲ့ အစာတွေကြောင့် အချဉ်ဖောက်ပြီး၊ သွားပိုးစားတာနဲ့ သွားဖုံးရောင်တာဖြစ်ဖို့ အဓိက အားပေးတာမို့၊ ဒီ အစာတွေညှပ် မကျန်ရှိနေအောင် သွားပွတ်ကြိုး (Dental Floss) နဲ့ ပုံမှန် ဆွဲပြီးပွတ်တိုက် သန့်စင်ပေးသင့်ပါတယ်။

သွားနဲ့ခံတွင်း သန့်ရှင်းရာမှာ အချိန်မှန်စေဖို့လဲ အစာစားပြီးချိန်တိုင်း စားကျွင်းစားကျန် မကျန်အောင် သွားနဲ့ခံတွင်းကို သန့်ရှင်းပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ သမရိုးကျ မနက်စောစောထ သွားတိုက်ဖို့ ဆိုရိုးစကားရှိခဲ့ပေမယ့် ညအိပ်ရာဝင်ချိန်မှာ သွားတိုက်၊ သွားပွတ်ကြိုးဆွဲတိုက်ဖို့လည်း အရေးကြီးပြီး၊ မနက်အိပ်ရာ ထထချင်း ချက်ချင်း သွားတိုက်တာမျိုး မဟုတ်ဘဲ၊ မနက်စာစားပြီးနောက် သွားတိုက်ဖို့၊ နေ့လယ်ပိုင်း အစာစားပြီးချိန်နဲ့ အစာစားပြီးတိုင်း အမြဲသွားတိုက်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။

ညအိပ်ရာဝင်ချိန်မှာ သွားတိုက်၊ သွားပွတ်ကြိုးဆွဲမတိုက်လျှင် သွားနဲ့ခံတွင်းထဲမှာ စားထားတဲ့ စားကျွင်းစားကျန်တွေ တညလုံးကျန်ကာ အချဉ်ဖောက်ပြီး၊ သွားပိုးစားတာနဲ့ သွားဖုံးရောင်တာ အဓိက ဖြစ်စေနိုင်လို့ပါ။ ညပိုင်းမှာ အခုလိုသွားတိုက်၊ သွားပွတ်ကြိုးဆွဲတိုက်ပြီးလျှင်တော့ အိပ်ချိန်မှာ အစာမစားတော့တာကြောင့် သွားနဲ့ခံတွင်း သန့်ရှင်းနေတာမို့၊ နောက်နေ့ ချက်ချင်း အိပ်ရာထထချင်း တိုက်စရာမလိုသေးဘဲ၊ မနက်စာစားပြီးချိန်မှ ထပ်တိုက်ဖို့ ဒုတိယ အရေးကြီးရတာပါ။

ဒါ့အပြင် သွားနဲ့ခံတွင်း သန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေ ရှိနေတာမို့ ဆောင်ရန်ရှောင်ရန်တွေလည်း ဂရုပြုသင့်ပါတယ်။ သွားရည်စာတွေ၊ ကြာရှည်ခံအစာထုတ်တွေ၊ အချိုရေတွေမှာ သကြားဓာတ်များလွန်းပြီး သွားပိုးစားတာနဲ့သွားဖုံးရောဂါအပြင် အခြား ဆက်စပ်နေတဲ့ ဆီးချို၊ နှလုံး၊ ကင်ဆာရောဂါတွေပါ ဖြစ်စေတာမို့ ရှောင်ကျဉ်ပြီး၊ ကျန်းမာရေးကောင်းတဲ့ အာဟာရပြည့် လတ်လတ်ဆတ်ဆတ် အစာအမယ်မျိုးစုံ မျှတအောင် စားပေးသင့်ပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့်လည်း သွားနဲ့ခံတွင်း သန့်ရှင်းရေး၊ ကျန်းမာရေး ထိခိုက်စေပြီး ခံတွင်းကင်ဆာ ဖြစ်တာများလာတာကြောင့် ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးငုံတာနဲ့ ကွမ်းစားတာ လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် အရက်ကလည်း သွားနဲ့ခံတွင်းရောဂါ ဖြစ်တာတွေနဲ့ ဆက်စပ်နေတာမို့ အရက် အလွန်အကျွံမသောက်သင့်ပါဘူး။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ သွားဖက်ဆိုင်ရာဆရာဝန်အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ထိန် ကို ဆွယ်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG