သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဘောသီး နဲ့ ကျန်းမာရေး အကျိုးရှိပုံ


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ လူကြိုက်များပြီး၊ လွယ်လွယ်ကူကူရတဲ့ သဘောၤသီးဟာ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာကို ကောင်းမွန်စေပြီး၊ ရောဂါများစွာကိုလည်း ကာကွယ်နိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

သင်္ဘောသီးမှာ အဆီဓာတ် မပါသလောက်ဖြစ်ပြီး သကြားဓာတ်လည်း နည်းနည်းပါပါတယ်။ အာဟာရဖြစ်စေတဲ့ ဗီတာမင်မျိုးစုံ၊ သတ္ထုဓာတ်တွေ၊ ဓာတ်ဆားနဲ့ အမျှင်ဖိုင်ဘာတွေ များစွာပါဝင်နေတာကြောင့် ကျန်းမာရေးကောင်းကျိုးတွေ ထူးထူးခြားခြား ဖြစ်စေတာပါ။

သင်္ဘောသီးမှာပါတဲ့ ဗီတာမင် စီနဲ့ အီးအပြင် Anti-Oxidants ဓာတ်ကြောင့် အသားအရေပေါ် လူးပေးပါက အသားအရည် ပျက်စီးမှုကို ကာကွယ်ပေးပြီး အသားအရည်ကို နုပျိုလှပစေတာကြောင့် အလှကုန်ပစ္စည်းတွေမှာ အသုံးများလေ့ရှိပါတယ်။ သင်္ဘောသီးကို စားခြင်းဖြင့်လည်း သူ့မှာပါတဲ့ အမျှင်ဓာတ်ကြောင့် ဆာလောင်မှုကို ထိန်းထားနိုင်ပြီး ကိုယ်အလေးချိန် လျော့ချရာမှာ စားဖို့ အသုံးဝင်ပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာပါတဲ့ Papain အင်ဇိုင်းကြောင့် အစာကျေလွယ်ပြီး ရင်ပြည့်မှုကို ကာကွယ်ကာ၊ ဝမ်းကိုလည်း ပျော့ပြောင်းစေတာကြောင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ ခုလို အစာကျေလွယ်စေပြီး၊ ဝမ်းသွားမှန်ကာ အူလမ်းကြောင်းကို သန့်စင်စေတာကြောင့်လည်း အူမကြီး ကင်ဆာဖြစ်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာပါတဲ့ Anti-Oxidants ကြောင့် ကင်ဆာများစွာကနေ ကာကွယ်ပေးနိုင်တာအပြင်၊ အမျိုးသမီးတွေအတွက်ဆိုရင် သင်္ဘောသီးမှာ နောက်ထပ်ပါသေးတဲ့ Beta Cryotoxanthin၊ Lutein၊ Zeaxanthin ဓာတ်တွေနဲ့ ဗီတာမင် စီ တို့ကြောင့် သားအိမ်ကင်ဆာ ဖြစ်စေတဲ့ HPV ဗိုင်းရပ်ပိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သင်္ဘောသီးစားခြင်းဖြင့် သူ့မှာပါတဲ့ အမျှင်ဖိုင်ဘာ၊ Anti-oxidants နဲ့ ဗီတာမင် စီ တိုကြာင့် အဆီကိုလည်း ကျစေပြီး၊ နှလုံးနဲ့ သွေးကြောရောဂါတွေ (နှလုံးသွေးကြောပိတ်တာ၊ ဦးနှောက်သွေးကြောပိတ်လေဖြတ်တာအပါအဝင်) ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာ အများကြီးပါတဲ့ ပိုတက်ဆီယမ်ဓာတ်ကြောင့်လည်း သွေးတိုးရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးမှာ မြောက်များစွာပါတဲ့ ဗီတာမင် အေ၊ Lutein၊ Cryotoxanthin နဲ့ Zeaxanthin တွေကြောင့် မျက်စိအမြင် ကြည်လင်အားကောင်းစေပြီး၊ နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ရတဲ့ အတွင်းတိမ်ဖြစ်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီ အမြောက်အများပါတဲ့ ဗီတာမင် အေ ကြောင့် ဆေးလိပ်သောက်သူတွေ၊ ကိုယ်တိုင်ဆေးလိပ် မသောက်သော်လည်း တဆင့် ဆေးလိပ်ငွေ့ဒဏ်ခံရသူတွေမှာ ဖြစ်လေ့ရှိတဲ့ နာတာရှည် အဆုပ်ယောင်ရောဂါကို သက်သာစေနိုင်ပါတယ်။ အခုလို အသက်ရှုလမ်းကြောင်းကို သန့်စင်စေတာကြောင့် အာသီးယောင်ပြီး လည်ပင်းနာတာ၊ ချောင်းဆိုးတာနဲ့ ပန်းနာရင်ကြပ် ဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေတာကြောင့် အအေးမိ၊နှာစေးချောင်းဆိုးနဲ့ နားကိုက်ပြည်တည်တာတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးမှာ ပါတဲ့ ဓတ်တချို.ကြောင့် အဆစ်အမြစ်ယောင်ယန်းကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးအဖြစ် သင်္ဘောသီးမှာပါတဲ့ ဗီတာမင် စီ ကြောင့် စိတ်ဖိစီးနွမ်းနယ်မှုကို သက်သာစေပြီး စိတ်ရောလူပါ လန်းဆန်းတက်ကြွစေပါတယ်။ အမျိုးသမီးတွေအတွက်လည်း ရာသီလာချိန် သွေးများများမဆင်းအောင် သင်္ဘောသီးစိမ်း ဖျော်ရည်သောက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကိုယ်ဝန်ဆောင်စဉ် ပျို့အန်တာတွေကနေ ကာကွယ်နိုင်ဖို့ နေ့စဉ် သင်္ဘောသီးမှည့် တစ်စိတ် စားပေးသင့်ပါတယ်။

ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် လူတိုင်းအတွက် သင်္ဘောသီးနဲ့ ဓာတ်မတည့်သူတွေ ရှိနိုင်တာမို့ သင်္ဘောသီးစားပြီး ယားယံတတ်သူတွေအနေနဲ့ သင်္ဘောသီးကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ အခြားသူတွေအတွက်တော့ သင်္ဘောသီးကို ဝမ်းအေးစာလို့ တချို့ဓလေ့အရ ယုံကြည်မှုမလွဲဘဲ စားသုံးသင့်ပါတယ်။

ဒီကျန်းမာရေးဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း ကအထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG