သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာဉ်တိုက်မှုနဲ့ ဦးခေါင်းဒဏ်ရာ


ယာဉ်တိုက်မှုနဲ့ ဦးခေါင်းဒဏ်ရာ
please wait

No media source currently available

0:00 0:07:01 0:00
တိုက်ရိုက် လင့်ခ်

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှုတွေ အဖြစ်များလာနေပြီး ဦးခေါင်းနဲ့လည်ပင်း ထိခိုက်မှုတွေ ပိုများလာတာကြောင့် ကာကွယ်နိုင်ရေး လူထုပညာပေးတာနဲ့ အရေးယူစစ်ဆေးတာတွေ တိုးလုပ်ကိုင်ဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းအကြံပြုထားပါတယ်။

တနေ့တခြား ယာဉ်တိုက်မှုတွေ ပိုများလာတာကတော့ လူငယ်တွေ ဆိုင်ကယ်စီးလာမှု တိုးပွားလာပြီး၊ အခြားတဘက်မှာ ယာဉ်စည်းကမ်း နားမလည်သူတွေကြောင့်လို့လည်း ပညာရှင်တွေက ထောက်ပြကြပါတယ်။ ဆိုင်ကယ်တွေ ဈေးပေါ၊ လွယ်ကူစွာရတာနဲ့ လမ်းတွေကောင်းလာပြီး ဆိုင်ကယ်နဲ့ တောရွာထဲအထိ လယ်ကန်သင်းရိုးပေါ် တက်မောင်းနိုင်တဲ့အထိ သွားလာရေး အဆင်ပြေလာတာမို့ အခုလို ဆိုင်ကယ် အသုံးပိုများလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အခြားတဘက်မှာလည်း အသက်အရွယ်မပြည့်သူ၊ လိုင်စင်မရှိသူ လူငယ်လေးတွေပါ ပိုမောင်းလာတာကြောင့် ယာဉ်စည်းကမ်းနားမလည်သူတွေ ပိုများလာတာပါ။

အခုလို ဒီယာဉ်တိုက်ခိုက်မှုတွေ ပိုများလာရာမှာ ဦးခေါင်းနဲ့လည်ပင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရမှုတွေလည်း တိုးလာနေပါတယ်။ အဓိက ကတော့ အရေးကြီးတဲ့ ယာဉ်စည်းကမ်းဖြစ်တဲ့ ဆိုင်ကယ်ဦးထုပ် မဆောင်းတာနဲ့ ကားထိုင်ခုံ ခါးပတ်မပတ်တာတွေကြောင့်ပါ။ ဆိုင်ကယ်ဦးထုပ် မဆောင်းတာကြောင့် ဆိုင်ကယ်တိုက်ချိန်မှာ ခေါင်းကိုပြင်းပြင်းထန်ထန် ထိခိုက်တာအပြင်၊ ကားခါးပတ် မပတ်တာကြောင့်လည်း အထူးသဖြင့် ကားရှေ့ခန်းက လူတွေ ရှေ့မှန်၊ စတီယာတိုင်တွေနဲ့ သွားဆောင့်မိပြီး ခေါင်းနဲ့လည်ပင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရကာ အသက်ဆုံးရူံးနိုင်တာနဲ့ နောက်လန်ပြီး လည်ပင်းကျိုးကာ အောက်ပိုင်းသေသွားနိုင်တာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ တချို့တွေလည်း ဆိုင်ကယ်ရော ကားတိုက်မှုမှာပါ လည်ပင်းရိုးကျိုးပြီး မသေမရှင်နဲ့ ဘဝတလျှောက် ဒုက္ခိတ ဖြစ်သွားနိုင်ပါတယ်။

ယာဉ်တိုက်မှုတွေဖြစ်ရခြင်း အဓိက အကြောင်းရင်းတွေကတော့ လမ်းမကောင်းတာ၊ ကားမကောင်းတာနဲ့ မောင်းတဲ့လူ မူးပြီး အိပ်ငိုက်တာကြောင့်ပါ။ ကားလမ်း အကွေ့အကောက်တွေမှာ ပုံမှန် လိုအပ်တဲ့ အစောင်းပြေပြစ်မှုမရှိလျှင် ကားက တဘက်ကို လွှင့်ထွက်သွားနိုင်သလို၊ လမ်းမီးမကောင်းလျှင်လဲ အမြင်ရဘဲ အန္တရာယ်ကြီးပါတယ်။ ကားနဲ့ပတ်သက်လို့တော့ ကားဘီးတာယာမကောင်းတာနဲ့ ဘရိတ်မကောင်းတာတွေကြောင့် အဓိက တိုက်နိုင်ပါတယ်။ ကားမောင်းသူအနေနဲ့ အထူးသဖြင့် အလုပ်နားရက်ညတွေမှာ အပေါင်းအသင်းနဲ့ အရက်သောက်တာအရှိန်လွန် မူးသွားတာနဲ့ အလုပ်များသူတွေ ခရီးဝေး၊ အချိန်လုမောင်းကာ အိပ်ငိုက်လာတာတွေကြောင့်လဲ အချိန်မီ ဘရိတ်မအုပ်နိုင်ပဲ ကားတိုက်မှု အဓိက ဖြစ်လေ့ရှိပါတယ်။

ယာဉ်တိုက်မှုနဲ့ ခေါင်းနဲ့လည်ပင်း ဒဏ်ရာရတာတွေ ကာကွယ်နိုင်ဖို့အတွက်တော့ ပညာပေးတာတွေ၊ အရေးယူစစ်ဆေးတာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေ အများကြီးရှိပါတယ်။ ဆိုင်ကယ်ဦးထုပ်ဆောင်းတာ၊ ကားထိုင်ခုံခါးပတ် ပတ်တာ၊ အရက်မူးပြီး ကားမမောင်းတာ၊ ကားဘီးနဲ့ဘရိတ်တွေ ပုံမှန်စစ်တာ အပါအဝင် ယာဉ်စည်းကမ်းတွေလိုက်နာဖို့ လူထု ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန် လုပ်သင့်ပါတယ်။ တီဗီရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ လမ်းပိုစတာတွေသုံး ပညာပေးတာအပြင် စာသင်ကျောင်းတွေမှာပါ ပညာပေးသင့်ပါတယ်။ ဒါ့အပြင် ဒီစည်းကမ်းတွေ လက်တွေ့လိုက်နာမှုရှိမရှိကိုလည်း ပုံမှန်နဲ့ ရှောင်တခင် စစ်ဆေးမူတွေလုပ်ပြီး၊ ချိုးဖောက်သူတွေကို အရေးယူ၊ ဒဏ်ရိုက်သင့်ပါတယ်။

အိပ်ငိုက်မှုမရှိအောင်လည်း ခရီးဝေးသွားသူတွေ၊ အိပ်ရေးမဝဘဲ မနက်စောစောအချိန်လု ထမောင်းသူတွေအနေနဲ့ အိပ်မငိုက်အောင် ကော်ဖီ၊ လက်ဘက်ရည် ကြိုသောက်တာအပြင်၊ အိပ်ငိုက်လာလျှင်လည်း ဆက်မမောင်းဘဲ ထိုးရပ်ကာ ခေတ္တ (၁၅) မိနစ်ခန့်အိပ်၊ အနားယူပြီး မျက်နှာသစ်လိုက်လျှင် ပြန်လန်းလာနိုင်တာမို့ အဲ့ဒိအချိန်မှ ပြန်မောင်းသင့်ပါတယ်။ အထူးသဖြင့် လမ်းဖြောင့်ဖြောင့်မှာ အချိန်ကာလတစ်ခုကြာ မောင်းမိလျှင်လည်း ကားရဲ့ တဝူးဝူး ပုံမှန်မည်သံနဲ့ပေါင်းကာ အိပ်ငိုက်လာတတ်တာမို့ အထူးသတိထားသင့်ပါတယ်။ ကွမ်းစားတာကြောင့် အိပ်ချင်ပြေတယ်လို့ တချို့ထင်ကြပေမယ့် ကွမ်းကြောင့်မူးပြီး အန္တရာယ်ပိုပေးနိုင်ပါတယ်။ ပီကေဝါးမောင်းတဲ့အခါမှာလည်း တချို့အတွက် အိပ်ငိုက်သက်သာတယ် ယူဆပေမယ့် တချို့မှာတော့ ပီကေထဲ လုံးဝစိတ်ဝင်သွားပြီး ကားမောင်းနေတာကို မေ့သွားတတ်တာမို့ အထောက်အကူပြုမပြု မသေချာပါဘူး။

နောက်အရေးကြီးတာတစ်ခုကတော့ အသက်မပြည့်သေးတဲ့ ကလေးလူငယ်တွေကို ကားပေးမမောင်းဖို့ပါ။ တချို့မိဘတွေက ကလေးတွေကို အလိုလိုက် ကားသော့၊ ဆိုင်ကယ်သော့ ပေးတတ်သလို၊ တချို့ကလေးတွေကလည်း ကားသော့ ဆိုင်ကယ်သော့တွေ မိဘအလစ်မှာယူပြီး ခိုးမောင်းတတ်ပါတယ်။ တချို့ကလေးတွေဆို ငယ်ငယ်လေးနဲ့ ဆိုင်ကယ်တက်မောင်းတာအပြင် ဆိုင်ကယ်နောက်မှာ လူ (၁) ယောက်ထက်တောင် ပိုတင်ပြီး မောင်းနေကြကာကို လမ်းမှာ တွေ့နေရတာမို့ အန္တရာယ်ကြီးလွန်းပါတယ်။ ဒါတွေအတွက်လည်း အထက်ပါ ပညာပေးတာနဲ့ စစ်ဆေးအရေးယူတာတွေ လုပ်ပေးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဦးနှောက်နဲ့ အာရုံကြော အထူးခွဲစိတ်ကုပါရဂူ ဒေါက်တာ စိုင်မွန်သာ ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG