အရေပြားပြဿနာတွေ မဖြစ်အောင် အရေပြားထိန်းသိမ်းမှုအခြေခံတွေကို လူတိုင်း လုပ်ဆောင်သင့်တယ်လို့ ကျန်မာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။
အရေပြားထိန်းသိမ်းမူ အခြေခံတွေကို အရေပြားလှပမှုအတွက်အပြင်၊ ကျန်းမာရေးအတွက်ပါ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အရေပြားအထူးကုတွေက ဆိုပါတယ်။ အဓိကအားဖြင့် အရေပြားစွမ်းဆောင်ရည် ပိုကောင်းစေရေးအတွက် အရေပြားပျက်စီးမှု တတ်နိုင်သမျှ လျော့နည်းစေဖို့နဲ့ အရေပြားလုပ်ငန်းတွေပိုကောင်းစေဖို့ နည်းလမ်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ အရေပြားအနေနဲ့ ပြင်ပက လေထု၊ နေရောင်ခြည်၊ ရေ၊ ဆပ်ပြာ၊ ဓာတုပစ္စည်း စတဲ့ ဒဏ်တွေကို အရင်ဆုံးခံစားရတာနဲ့ အသက်ကြီးလာချိန် ပျက်စီးလာတာတွေကြောင့် ဒီပျက်စီးမှုတွေ သက်သာအောင် လုပ်ပေးဖို့ လိုတာပါ။ ဒါ့အပြင် အရေပြားလုပ်ငန်းတာဝန်တွေ ပိုကောင်းစေဖို့လည်း နေရောင်ခြည်ဒဏ်နဲ့ အသားခြောက်တာတွေကနေ ကာကွယ်ပေးတာအပြင်၊ ဆေးလိပ်မသောက်တာနဲ့ ဝက်ခြံရှိလျှင် မကုတ်ဖဲ့ဖို့နဲ့ ဝက်ခြံ တတ်နိုင်သမျှ မဖြစ်စေတဲ့ ပစ္စည်းတွေကို သုံးဖို့လိုပါတယ်။
အခုလို အရေပြား စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး လုပ်ဆောင်နိုင်ဖို့အတွက်က၊ အရေပြားစွမ်းဆောင်ရည် ကျဆင်းစေတဲ့ အကြောင်းရင်းတွေကို သိထားဖို့လိုပါတယ်။ ဒါတွေကတော့ အသက်အရွယ် အိုမင်းလာတာအပြင်၊ စိတ်ဖိစီးတာ၊ အေးလွန်းပြီး အရေပြားခြောက်ကာ အသားပတ် ပတ်ကြားအက်လာတာ၊ သန့်စင်ပစ္စည်းတွေ (Cleanser ၊ ဆပ်ပြာ၊ ဂျီးချွတ်ဆေး စတာ) လိုတာထက် ပိုသုံးမိတာ (ပြင်းအားများတာတွေ အများကြီးမသုံးသင့်)၊ အလွယ်တကူရတဲ့ အရေပြားပါးစေတဲ့ Cortisone ပါတဲ့ ပေါင်းစပ်လိမ်းဆေးတွေ ရေရှည်သုံးမိတာ (လိုအပ်လျှင် ယာယီသာသုံးပြီး၊ ရေရှည်မသုံးသင့်) နဲ့ အရေပြားရောဂါဖြစ်တာတွေပါ။
ဒါကြောင့် အရေပြားစွမ်းဆောင်ရည်ကျတာကို နည်းစေဖို့အတွက် ရှောင်ကျင်သင့်တဲ့ နေရောင်ခြည်၊ ဓာတုပစ္စည်းအပြင်းစားတွေနဲ့ သန့်စင်ပစ္စည်းအပြင်းစားတွေ (ဆပ်ပြာ၊ ဂျီးချွတ်ဆေး စတာ) ကို ရှောင်ကျဉ်တာအပြင်၊ အရေပြားထိန်းသိမ်းမှုပစ္စည်း (Skin Care Products) တွေကို မိမိနဲ့ သင့်တော်သလို ရွေးချယ်သုံးဖို့လိုပါတယ်။ ဒီအရေပြားထိန်းသိမ်းမှုပစ္စည်းတွေက အလှကုန် (Cosmetics) တွေကို ဆိုလိုတာမဟုတ်ဘဲ၊ အရေပြားသန့်ပြန့်မှု ထိန်းသိမ်းပေးတဲ့ပစ္စည်းတွေကို ဆိုလိုတာပါ။ ဒါတွေကတော့ သန့်စင်ပစ္စည်း (Cleanser ၊ ဆပ်ပြာ၊ မျက်နှာဆေး Facial Foam စတာ)၊ နောက် အဆီပြန်တာနဲ့ အသားတင်းအောင်လိမ်းတဲ့ Toner ၊ Astringent ၊ Clarifier စတာနဲ့၊ အရေပြားအစိုဓာတ်ထိန်းပစ္စည်း (Moisturizer ၊ Hydrator)၊ နောက် မျက်လုံးလူးဆီ (Eye Cream)၊ နေရောင်ကာလိမ်းဆေး၊ မှုတ်ဆေး (Sunscreen ၊ Sunblock)၊ ဂျီးချွတ်ဆေး (Scrub) နဲ့ မျက်နှာကပ် (Facial Mask) စတာတွေပါ။
ဒီအရေပြား ထိန်းသိမ်းမှုပစ္စည်းတွေကို ရွေးချယ်ရာမှာ အရေပြားအမျိုးအစား၊ အလုပ်အကိုင်နဲ့ အသက်အရွယ်အလိုက်ကွာခြားမှုတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တချို.က အရေပြားအဆီပြန်တတ်ပြီး၊ တချို့က အရေပြားခြောက်တတ်ကာ၊ တချို.မှာတော့ အဆီပြန်တာရော၊ ခြောက်တာပါ ပေါင်းစပ်ထားတဲ့ အသားအရေဖြစ်တတ်တာကြောင့် သက်ဆိုင်ရာအရေပြားနဲ့ သင့်တော်ရာကို ရွေးသုံးသင့်ပါတယ်။ အလုပ်အကိုင်နေထိုင်ပုံအရလည်း ရုံးတွင်း၊ အိမ်တွင်း၊ အခန်းတွင်း အရိပ်မှာ နေရသူနဲ့ အပြင်နေပူထဲထွက် လုပ်ရသူတွေ၊ နောက် ညဖက်မှ အလုပ်လုပ်ရသူတွေ၊ အားကစားလုပ်သူတွေမှာ ကွာခြားမှုရှိတာ ထည့်တွက်ပြီး လိုသလို ရွေးချယ်သုံးသင့်ပါတယ်။ ဒါ့အပြင် အသက်ငယ်သူတွေမှာ အသက်ကြီးသူတွေထက် အရေပြားအစိုဓာတ်ပိုထိန်းထားနိုင်တာကြောင့် သင့်တော်သလို ရွေးချယ်သုံးနိုင်ပါတယ်။ တကယ်တော့ ဒီ အရေပြားထိန်းသိမ်းမှုပစ္စည်းတွေကို အမျိုးသမီးတွေအပြင်၊ အမျိုးသားတွေပါ သုံးသင့်ရာမှာ အမျိုးသားတွေက အရေပြားပိုထူတာကြောင့် ပိုပြင်းအားများတာတွေကို ရွေးချယ်သုံးသင့်ပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။