သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေပြား အင်ပြင်


အရေပြား အင်ပြင်
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

အင်ပြင်ရောဂါ မြန်မာနိုင်ငံမှာ အဖြစ်များနေပြီး၊ အသက်အန္တရာယ် ထိခိုက်နိုင်တာအပါအဝင် အင်ပြင် အမျိုးအစားနဲ့ ဖြစ်ရခြင်းအကြောင်းရင်း မျိုးစုံရှိနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ဓာတ်မတည့်တာကြောင့် Histamine ဓာတ်ထွက်လာပြီး အရေပြားရောင်ကာ အနီဖျော့ဖျော့အကွက်တွေ အများအပြားပေါ်လာတတ်တဲ့ အင်ပြင်ရောဂါက အများအားဖြင့် နာရီအနည်းငယ်အတွင်း ပြန်ကောင်းသွားနိုင်ပေမဲ့၊ ပြန်ဖြစ်တာ၊ နှစ်နဲ့ချီ ရေရှည်ဖြစ်နေတာနဲ့ တချို.လည်ချောင်းတွင်းမှာ ဖြစ်ပြီး အသက်ရှုကြပ်၊ တံတွေးမျိုရခက်ကာ အသက်ရှုလမ်းကြောင်းပိတ်နိုင်တာနဲ့ ပြင်းထန်လျှင် မေ့မျောသွားနိုင်တာအထိ အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။ ခဲတံထိပ်နေရာလိုမျိုး အရွယ်ခပ်သေးသေးကနေ ပန်းကန်ပြားအရွယ် ခပ်ကြီးကြီးအထိရှိနိုင်တဲ့ အင်ပြင်တွေကြောင့် ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ တဆစ်ဆစ်ခံစားရတာတွေ ဖြစ်စေတတ်ပါတယ်။ အများအားဖြင့် ကိုယ်နဲ့ခြေလက်တွေမှာ အဖြစ်များပြီး၊ တခါတရံ မျက်လုံး၊ နှုတ်ခမ်းနဲ့ လိင်အင်္ဂါတဝိုက် အရေပြား နုနယ်တဲ့နေရာတွေမှာ ဖူးယောင်ပြီး မျက်လုံးတွေပိတ်၊ နှုတ်ခမ်းတွေထော် ကြောက်စရာကောင်းတဲ့ပုံစံမျိုးလည်း ဖြစ်တတ်ပါတယ်။

အင်ပြင်အမျိုးအစား အဓိက အားဖြင့် (၄) မျိုး ခွဲခြားနိုင်ရာမှာ လတ်တလောဖြစ်တာ၊ ရေရှည်ဖြစ်တာ၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်တာနဲ့ ပွတ်ဆွဲကုတ်ခြစ်မှုကြောင့်ဖြစ်တာတွေ ပါဝင်ပါတယ်။ လတ်တလော အင်ပြင်ကတော့ အဖြစ်အများဆုံးဖြစ်ပြီး၊ တစ်လခွဲတက်မကျော်ဘဲ ဖြစ်တတ်ကာ၊ ဖြစ်ရခြင်းအကြောင်းရင်းကိုလည်း အများအားဖြင့် ရှာဖွေသိရှိနိုင်ပါတယ်။ အထူးသဖြင့် အစာကြောင့်အများဆုံးဖြစ်ကာ၊ ဆေးဝါး၊ ရောဂါပိုးဝင်လာတာတွေကြောင့်လည်း ဖြစ်ရပြီး၊ တခါတရံ အင်းဆက်ကိုက်တာနဲ့ ရှိပြီးသားခန္တာကိုယ်တွင်းရောဂါတွေကြောင့်ဖြစ်စေနိုင်ပါတယ်။ အစာနဲ့ပတ်သက်ပြီး အဓိက ဖြစ်စေနိုင်တာတွေကတော့ မြေပဲလို အစေ့ အဆံတွေ၊ ငါးနဲ့ ပင်လယ်စာတွေ၊ ခရမ်းချဉ်သီး၊ ဥမျိုးစုံ၊ နို့၊ စထရော်ဘယ်ရီသီး တွေဖြစ်ပြီး၊ အစာစိမ်းတွေက ကျက်ပြီးသားအစာတွေထက် ပိုဖြစ်စေကာ၊ အစာ ဆိုးဆေးနဲ့ ရေရှည်ခံဆေး (ဥပမာ ငါးသေတ္တာလို စည်သွပ်ဗူးမှာပါတဲ့ ရေရှည်ခံဓာတုဆေး) တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစာကြောင့်ဖြစ်လျှင် အစာစားပြီး မီးနစ်ပိုင်း၊ နာရီပိုင်းအတွင်း အင်ပြင်တွေ ထွက်လာတတ်ပါတယ်။

ဆေးဝါးတွေကြောင့် လတ်တလောအင်ပြင်ဖြစ်ရာမှာလည်း ဘယ်ဆေးမဆို ဖြစ်စေနိုင်ပေမဲ့၊ အဓိက ဖြစ်စေတဲ့ ဆေးတွေကတော့ ပဋိဇီဝဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ အိပ်ဆေးတချို.၊ စိတ်ငြိမ်ဆေး၊ ဆီးဆေးတွေဖြစ်ပြီး၊ တခါတရံ ဖြည့်စွက်စာတွေ၊ ဗီတာမင်တွေ၊ အစာအိမ်ပျောက်ဆေးတွေ၊ အဆစ်အမြစ်ဆေးတွေ၊ မျက်စဉ်းဆေးနဲ့ ဝမ်းပျော့ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မြန်မာရိုးရာဆေးတွေဖြစ်တဲ့ သွေးဆေး၊ လေဆေး၊ တေဆေး၊ အဖျားကျဆေး၊ လျှာပွတ်ဆေး၊ မီးမကင်ဆေး စတာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးဝင်ရောက်မှုကြောင့် လတ်တလောအင်ပြင်ဖြစ်စေတာနဲ့ပတ်သက်ပြီး၊ သွားပိုးစားတာ၊ မွှေးကျွတ်နာဖြစ်တာနဲ့ ကလေးတွေမှာ တုတ်ကွေးဖြစ်တာနဲ့ နှာစီးတာတွေကြောင့် အဓိက ဖြစ်လေ့ရှိပါတယ်။

ဒုတိယအမျိုးအစားဖြစ်တဲ့ နာတာရှည်အင်ပြင်ကတော့ တစ်လခွဲထက် ပိုကြာအောင်ဖြစ်တတ်ပြီး၊ တချို့နှစ်နဲ့ချီ ဖြစ်လိုက် ပျောက်လိုက်ဖြစ်ကာ၊ ဖြစ်ရခြင်း အကြောင်းရင်းကို လူနာအများစုမှာ ရှာဖွေနိုင်လေ့ မရှိပါဘူး။ တတိယအမျိုးအစားဖြစ်တဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်တာကတော့ အဖြစ်နည်းပြီး၊ နေရောင်ခြည်၊ အပူဓာတ်၊ အအေးဓာတ်၊ ဖိအား၊ တုန်ခါမှုနဲ့ အားကစားလေ့ကျင့်ခန်းစတာတွေကြောင့် ဖြစ်စေနိုင်ပါတယ်။ ဒီအထဲမှာ အအေးဓာတ်ကြောင့် ဖြစ်တာက အများဆုံးဖြစ်ပြီး၊ ဥပမာ ရေအေးအေး ချိုးမိတာကြောင့် အင်ပြင်ထွက်တာ၊ နှာချည်တာ၊ တကိုယ်လုံးနီရဲလာတာနဲ့ ပိုဆိုးလာတဲ့အဆင့်မှာ မူးမေ့တာအထိ ဖြစ်နိုင်ပါတယ်။ စတုတ္ထအမျိုးအစားဖြစ်တဲ့ ပွတ်ဆွဲကုတ်ခြစ် အင်ပြင်ကတော့ ပွတ်တိုက်မှုနဲ့ ဆိတ်မိတာ၊ ကုတ်မိတာတွေ၊ ထောက်ပြီးထိုင်တာတွေကြောင့်ဖြစ်ရပြီး၊ အထိခံရတဲ့ နေရာတလျှောက်မှာ အင်ပြင်ထွက်ယားယံတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေမှာ ရင်သား အတွင်းခံ ကြိုးတလျှောက် အင်ပြင်ထွက်တတ်ပါတယ်။

ကုသမှုအနေနဲ့ ဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေကုသနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ သွားပိုးစားတာကြောင့်ဖြစ်လျှင် သွားဖာတာ၊ ကုသတာတွေလုပ်ပေးခြင်းဖြင့်၊ အင်ပြင်ပါ ပျောက်သွားလေ့ရှိပါတယ်။ အစားအစာမတည့်တာကြောင့်ဖြစ်လျှင်လည်း အဲ့ဒိအစာကို ရှောင်ကျင်ခြင်းဖြင့် အင်ပြင်မဖြစ်စေနိုင်ပါ။ ဒါပေမဲ့ အများစုမှာ ဖြစ်ရခြင်း အကြောင်းရင်း မသိနိုင်တာကြောင့်၊ အယားပျောက်ဆေး (Anti-histamine) ပေးလေ့ရှိပြီး၊ သောက်ဆေးအပြင်၊ လူးဆေးဖြစ်တဲ့ Calamine (Caladryl, Mezincal) လူးပေးနိုင်ပါတယ်။ အရေးကြီးတာက ဒီအယားပျောက်ဆေးတွေကို အချိန်မှန် သုံးစွဲမှသာ ထိရောက်မှာဖြစ်ပါတယ်။ လည်ချောင်းတွင်းအင်ပြင်ဖြစ်လာလျှင်တော့ အသက်ရှုလမ်းကြောင်းပိတ် သေဆုံးနိုင်တာနဲ့ မူးမေ့တဲ့အဆင့်ရောက်လျှင်လည်း အသက်အန္တရာယ်ရှိတာမို့၊ အနီးဆုံး အရေးပေါ်ကုသမှုဌာနသို့ အမြန်ဆုံးပို့ဆောင်ပေးဖို့ အထူးအရေးကြီးပါတယ်။

ကာကွယ်ရာမှာလည်း ဖြစ်ရခြင်းအကြောင်းရင်းဖြစ်တဲ့ မတည့်တာကို သိထားလျှင်၊ အဲ့ဒါကို ရှောင်ကျဉ်ခြင်းဖြင့် ကာကွယ်နိုင်သော်လည်း၊ အများစုမှာ အကြောင်းရင်း မသိနိုင်တာကြောင့် ကာကွယ်ရ ခက်နိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ကိုဝင်းမင်း က မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG